ဖွဲ့စည်းပုံခုံရုံး အဆုံးအဖြတ်ခံယူမယ့်အစီအစဉ်ကို လွှတ်တော်ဥက္ကဋ္ဌ ဆုံးဖြတ်ချက်နဲ့ ဆိုင်းငံ့တာဖြစ်
2018.03.12
တနသာၤရီတိုင်းဒေသကြီး အစိုးရနဲ့ တိုင်းလွှတ်တော်အကြား အငြင်းပွားနေတဲ့ စီမံကိန်းတွေကို လွှတ်တော်ထံ တင်ပြဖို့ လို၊ မလိုကိစ္စအပေါ် ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးထံ တင်ပြပြီး အဆုံးအဖြတ်ခံယူမယ့် အစီအစဉ်ကို ဆိုင်းငံ့လိုက်တာဟာ လွှတ်တော်တစ်ရပ်လုံးရဲ့ သဘောထားမဟုတ်ဘဲ လွှတ်တော် ဥက္ကဋ္ဌ တစ်ဦးတည်းရဲ့ ဆုံးဖြတ်ချက်ဖြစ်တယ်လို့ လွှတ်တော် ကိုယ်စားလှယ်တွေက ဒီနေ့ ပြောပါတယ်။
အဲဒီကိစ္စဟာ လွှတ်တော် ကိုယ်စားလှယ်တွေကို တိုင်ပင်ထားတာမရှိဘဲ လွှတ်တော် ဥက္ကဋ္ဌရဲ့ သဘောဆန္ဒ တစ်ခုတည်းသာဖြစ်ပြီး အဖြူ၊ အမည်းသဲကွဲသွားအောင် ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးရဲ့ အဆုံးအဖြတ်ကို ခံယူသင့်တယ်လို့ တနသာၤရီမြို့နယ် တိုင်းလွှတ်တော် ကိုယ်စားလှယ် ဦးရဲမြင့်ဆွေ က ပြောပါတယ်။
"အဲဒါသူ့ရဲ့ သဘောဆန္ဒတစ်ခုတည်းပဲဗျ၊ ကျွန်တော်တို့ဆီ တိုင်ပင်ထားတာမျိုး မရှိဘူး၊ ဥက္ကဋ္ဌ သဘောဆန္ဒ တစ်ခုတည်းနဲ့ပဲ ဆုံးဖြတ်လို့မရဘူးပေါ့နော်၊ တကယ်လို့ သူအဲဒီလို ဆုံးဖြတ်မယ်ဆိုရင် လွှတ်တော် ကိုယ်စား လှယ်တွေရဲ့ သဘောထားမှတ်ချက်ယူဖို့ လိုအပ်တာပေါ့နော်၊ ကိုယ်စားလှယ်အများစုက အဲကိစ္စလျှော်လိုက်ပါကွာ လို့ ပြောလို့ရှိရင်တော့ သဘောပေါ့နော်၊ ကျနော်တို့ကတော့ အဖြူ၊ အမဲကွဲစေချင်တယ်၊ ဘယ်သူမှားတယ်၊ ဘယ်သူမှန်တယ်ဆိုတာ ကျနော်တို့ ဥပဒေကြောင်းအရ သိဖို့လိုအပ်တယ်လို့ထင်တယ်၊ ကျနော်တို့ကတော့ ခုံရုံးအဆုံးအဖြတ်ကို ခံယူမယ်ဆိုတဲ့ဘက်မှာ ရှိတယ်ဗျ"
အဲဒီဆိုင်းငံ့ထားတဲ့ကိစ္စကို တိုင်းလွှတ်တော် ဥက္ကဋ္ဌက မီဒီယာတစ်ခုမှာ ပြောကြားလိုက်တော့မှ သိရတာဖြစ်ပြီး တိုင်းအစိုးရနဲ့ တိုင်းလွှတ်တော် တစ်ပါတီတည်းဖြစ်နေလို့ ဖြေလျှော့ပေးလိုက်တယ်ဆိုတာမျိုး ဖြစ်လို့မရကြောင်းနဲ့ တိတိကျကျသိရဖို့ လိုအပ်တယ်လို့ ပြောပါတယ်။
တိုင်းအတွင်းဆောင်ရွက်မယ့် စီမံကိန်းတိုင်းကို လွှတ်တော်ရဲ့ ခွင့်ပြုချက်ယူစရာ မလိုပေမယ့် လိုအပ်ရင် ဘယ်စီမံကိန်းကိုမဆို လွှတ်တော်က အစိုးရအဖွဲ့ကို ခေါ်ယူပြီးကြားနာခွင့်ရှိတယ်လို့ ဥပဒေမှာပါရှိပေမယ့် အဲဒီအချက်အပေါ်မှာ တိုင်းအစိုးရနဲ့ တိုင်းလွှတ်တော်ကြား နားလည်မှု ကွဲလွဲနေတာဖြစ်နိုင်တယ်လို့လည်း ဦးရဲမြင့်ဆွေက သူ့အမြင်ကို ပြောပါတယ်။
တိုင်းအစိုးရအဖွဲ့ကတော့ ငွေကျပ် ၅ သန်းအောက် ရင်းနှီးမြှုပ်နှံတဲ့ စီမံကိန်းတွေဆိုရင် တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံ မှုကော်မရှင်ကို တင်ပြဆောင်ရွက်ပြီး ကျပ် ၅ သန်းအထက် စီမံကိန်းတွေဆိုရင် ပြည်ထောင်စုအဆင့် ရင်းနှီးမြှုပ်နှံ မှုကော်မရှင်ကို တင်ပြဆောင်ရွက်နေတာဖြစ်တယ်လို့ သိရပါတယ်။
သရက်ချောင်းမြို့နယ်က ငါးလေလံဈေး စီမံကိန်းကနေစတင်ကာ တိုင်းအစိုးရနဲ့ တိုင်းလွှတ်တော်ကြားမှာ အခုလို အငြင်းပွား မှုတွေ ဖြစ်ပေါ်လာကာ အဲဒီစီမံကိန်းက ကျပ် ၅ သန်းအထက် ရင်းနှီးမြုပ်နှံမှုဖြစ်တာကြောင့် ပြည်ထောင်စုက လုပ်ပိုင်ခွင့်ပြုထားတာဖြစ်လို့ တိုင်းဒေသကြီးလွှတ်တော်က သိစရာမလိုဘူးဆိုတဲ့သဘောမျိုးဟာ မဖြစ်သင့်ဘူးလို့လည်း ဦးရဲမြင့်ဆွေ က ပြောပါတယ်။