မဇ္ဈိမသတင်းဌာနရဲ့ အယ်ဒီတာ ကိုသန်းထိုက်အောင်ကို ခြောက်လအကြာမှ ရုံးပြန်ထုတ်

အဖမ်းခံထားရတဲ့ မဇ္ဈိမသတင်းဌာနရဲ့ နေပြည်တော်အခြေစိုက် သတင်းအယ်ဒီတာ ကိုသန်းထိုက်အောင်ကို ဒီဇင်ဘာလ ၃၀ ရက် ဒီနေ့ နေပြည်တော် ဇဗ္ဗူသီရိမြို့နယ်တရားရုံးမှာ လူကိုယ်တိုင် ရုံးထုတ်ခဲ့ပါတယ်။
နေပြည်တော် အချုပ်ထောင်ထဲမှာ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ ကိုသန်းထိုက်အောင်ကို ဇူလိုင်လ ၈ ရက်နေ့ မှာ နောက်ဆုံးအကြိမ် ရုံးထုတ်ခဲ့ပြီးနောက် အမှုတွေကို ဆက်လက်မစစ်ဆေးတော့ဘဲ ခြောက်လနီးပါးအကြာ ဒီနေ့မှာမှ ရုံးပြန်ထုတ်တာလို့ တရားရုံးနဲ့ နီးစပ်သူတစ်ဦးက RFA ကိုပြောပါတယ်။
“သူ့ကို ရုံးမထုတ်တာကြာပြီ၊ နေပြည်တော်က အချုပ်ထောင်ထဲမှာပဲ ထားတာ၊ ဒီနေ့မှ ရုံးပြန်ထုတ်တာ။ နောက်ပိုင်းတော့ တစ်ပတ်တစ်ခါ ရုံးပြန်ထုတ်မယ်လို့ သိရတယ်၊ အမိန့်ချဖို့လည်း နီးနေပြီ၊ ကျန်းမာရေး ကတော့ ကောင်းတယ်”
ဒီနေ့ရုံးထုတ်ခဲ့ပေမယ့် အမှုစစ်ဆေးတာမရှိဘဲ ၂၀၂၂ ခုနှစ် ဇန်နဝါရီလ ၆ ရက်နေ့ကို ရုံးချိန်းပြန်ချိန်းခဲ့ပြီး အဲဒီနေ့မှာ တရားလိုပြသက်သေ နှစ်ဦးကို စစ်ဆေးဖို့ရှိတယ်လို့ ဆိုပါတယ်။
ကိုသန်းထိုက်အောင်နဲ့ BBC သတင်းထောက် ကိုအောင်သူရ တို့ကို မတ်လ ၁၉ ရက်နေ့မှာ နေပြည်တော် ဒက္ခိဏခရိုင်တရားရုံးက NLD ပါတီ ထိပ်ပိုင်းခေါင်းဆောင် ဦးဝင်းထိန်ရဲ့ ရုံးထုတ်သတင်း ရယူနေချိန်မှာပဲ စစ်ဖက်ရေးရာ လုံခြုံရေးတပ်ဖွဲ့ (စရဖ) က ဖမ်းဆီးခဲ့တာပါ။
BBC သတင်းထောက် ကိုအောင်သူရ ကိုတော့ မတ်လ ၂၂ ရက်နေ့မှာ ပြန်လွှတ်ပေးခဲ့ပေမယ့် ကိုသန်းထိုက်အောင် ကိုတော့ ရာဇသတ်ကြီး ပုဒ်မ - ၅၀၅ (က) နဲ့ တရားစွဲဆိုပြီး ဆက်လက်ဖမ်းဆီး ထားတာပါ။
နေပြည်တော်မှာ အဖမ်းခံရတဲ့ အလွတ်သတင်းထောက် ကိုအောင်ကိုကိုလတ် ကိုလည်း ပုဒ်မ - ၅၀၅ (က) နဲ့ အမှုဖွင့်ခဲ့ပေမယ့် အဖမ်းခံရပြီး တစ်လအကြာ ဧပြီလ ၂၀ ရက်နေ့မှာ ပြန်လွှတ်ပေးခဲ့ပါတယ်။
လက်ရှိ နေပြည်တော်မှာ ကိုသန်းထိုက်အောင် တစ်ဦးသာ အချုပ်နဲ့ တရားရင်ဆိုင်နေရပါတယ်။
အောက်တိုဘာ ၁၈ ရက်နဲ့ ၁၉ ရက်က အာဏာသိမ်းစစ်ကောင်စီရဲ့ လွတ်ငြိမ်းသက်သာနဲ့ ပြန်လွတ်လာတဲ့ အထဲမှာ မဇ္ဈိမသတင်းဌာန ပူးတွဲတည်ထောင်သူ ဒေါ်သင်းသင်းအောင်နဲ့ သတင်းမီဒီယာသမား ၁၈ ဦး ပါဝင်ခဲ့ ပေမယ့် ကိုသန်းထိုက်အောင် ကတော့ မပါဝင်ခဲ့ပါဘူး။
RFA က ပြုစုထားတဲ့ စာရင်းအရ စစ်တပ်က အာဏာသိမ်းလိုက်တဲ့ ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ဒီဇင်ဘာလ ၁၅ ရက်နေ့အထိ အဖမ်းခံရတဲ့ သတင်းသမား ၁၁၅ ဦးအထိ ရှိခဲ့ပါတယ်။