ကြံ့ခိုင်ဖံ့ွဖြိုးရေးပါတီ ဥက္ကဋ္ဌ မဲဆွယ်

မဏ္ဍိုင် ၃ ရပ် ထိန်းကျောင်းမှုအားနည်းလို့ ကြံ့ခိုင်ဖံ့ွဖြိုးရေးပါတီက ကြားဖြတ်ရွေးကောက်ပွဲမှာ ဝင်ရောက် ယှဉ်ပြိုင်တာဖြစ်တယ်လို့ ပါတီ ဥက္ကဋ္ဌ ဦးသန်းဌေး က ဒီနေ့ ပြောလိုက်ပါတယ်။

ဒီကနေ့ မနက်က တာမွေမြို့နယ်မှာရှိတဲ့ ဟစ်တိုင်ကွင်းမှာ မဲဆွယ်စည်းရုံးစဉ် NLD အစိုးရလက်ထက်မှာ အုပ်ချုပ်ရေး၊ တရားစီရင်ရေးနဲ့ ဥပဒေပြုရေး မဏ္ဍိုင် ၃ ရပ် အားနည်းနေတာကြောင့် ကယ်တင်ဖို့ ရည်ရွယ်ချက်နဲ့ ရွေးကောက်ပွဲဝင်တာလို့ ပြောခဲ့တာဖြစ်ပါတယ်။

ဒါ့အပြင် လက်ရှိရွေးကောက်ပွဲကော်မရှင်ရဲ့ သုံးသပ်မှုတွေနဲ့ ဆုံးဖြတ်မှုတွေ ဘယ်လောက်ညီညွှတ်သလဲဆိုတာကို ဆန်းစစ်လိုကြောင်းလည်း ဦးသန်းဌေး က ဆိုပါတယ်။

တဆက်တည်းမှာပဲ လက်ရှိအစိုးရလက်ထက်မှာ ကုန်ဈေးနှုန်းကြီးမြင့်လာတဲ့အပေါ် ဝေဖန်ပြောကြားခဲ့ပါတယ်။

ဒီမဲဆွယ်ပွဲကို တာမွေမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးမျိုးဝင်းကျော်နဲ့ ပါတီရဲ့ထိပ်ပိုင်း ခေါင်းဆောင်တွေအပါအဝင် ပါတီဝင်ထောင်နဲ့ချီ တက်ရောက်ခဲ့ပါတယ်။

ကြားဖြတ်ရွေးကောက်ပွဲမှာ လစ်လပ်မဲဆန္ဒနယ် ၁၃ နေရာရှိပြီး ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက ၁၀ နေရာမှာ ဝင်ရောက်ယှဉ်ပြိုင်သွားမှာဖြစ်ပါတယ်။

တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ လစ်လပ်မဲဆန္ဒနယ် ၁၃ နေရာရှိပြီး နိုင်ငံရေးပါတီ ၂၄ ပါတီက ကိုယ်စားလှယ်လောင်း ၆၂ ယောက်နဲ့ တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်း ၇ ယောက် ဝင်ရောက်ယှဉ်ပြိုင်ကြမှာဖြစ်ပါတယ်။