လယ်ယာမြေဆုံးရှုံးမှု ကာကွယ်ရေး ကော်မတီ ဖွဲ့စည်း

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်မြို့ နယ်က အလွမ်းဆွတ်၊ ဖလန်း၊ ကရက်ကြီးနဲ့ ဘေးပေါက်စတဲ့ ကျေးရွာ ၄ ရွာနဲ့ သန်လျင်မြို့၊ ရွှေပြည်သာယာ ရပ်ကွက်မှာရှိတဲ့ လယ်သမား ၃ ထောင်ကျော် စုပေါင်းပြီး လယ်ယာမြေများဆုံးရှုံးမှု အခွင့်အရေး ကာကွယ်ရေးကော်မတီကို မနေ့က ဖွဲ့စည်းလိုက် ပါတယ်။

2013.02.13

အစိုးရက ဒေသခံတောင်သူလယ်သမားတွေကို သူတို့ပိုင် လယ်ယာမြေတွေကနေ ဒီကနေ့ ဖယ်ရှားပေးဖို့ အကြောင်းကြားထားတဲ့အတွက် မိမိတို့အရေးကိုတောင်းဆိုဖို့ အခုလို ကော်မတီဖွဲ့စည်းလိုက်တာလို့  ဒေသခံ လယ်သမားတစ်ဦးက RFA ကို ပြောပါတယ်။

"မနက်ဖြန်ကို လယ်ယာမြေတွေပေါ်မှာရှိတဲ့ လယ်သမားတွေကို အစိုးရကဝင်ဖမ်းမယ်လို့ ကြေညာချက်ထုတ်ထားတဲ့အပေါ်မှာ အစိုးရကိုမဖမ်းဖို့ တောင်းဆိုဖို့အဖွဲ့ကို ဒီနေ့ပဲ အရေးကြီးဖွဲ့စည်းလိုက်တာပါ၊ အစိုးရက မဆောင်ရွက်မပေးမချင်း၊ နိုင်ငံသားတစ်ယောက်ရဲ့ ရပိုင်ခွင့်တွေကိုရဖို့အတွက် ဒီအဖွဲ့က တောင်းဆိုသွားမှာပါ"

အဲဒီ အလွမ်းဆွတ်ရွာမှာ လယ်မြေဧက ၂၀၀ ကျော်ကို ခလရ ၉၀ က ၁၉၉၅ ခုနှစ်မှာ သိမ်းခဲ့ပြီး လယ်သမားတွေကို တစ်ဧကစပါး ၁၀ တင်းနှုန်းနဲ့ သီးစားပြန်ချထားခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ တပ်အဆင့်ဆင့်ပြောင်းပြီး အခုလက်ရှိ အမှတ် ၁ ဗျူဟာ စစ်ရေယာဉ်စုတပ်က မြေတွေကိုရယူထားတာ ဖြစ်ပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး ပြီးခဲ့တဲ့ ၂၀၁၂ခုနှစ်၊ ဇူလိုင်လအတွင်းကလည်း စစ်တပ်ကသိမ်းထားတဲ့ လယ်ယာမြေတွေမှာ တောင်သူတွေက ဝင်ရောက်ပြီး ထွန်တုံးတိုက်ပွဲ ကျင်းပခဲ့ပါသေးတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။