သံတွဲပဋိပက္ခ လူ ၅ ဦးသေဆုံး


2013.10.02

ရခိုင်ပြည်နယ် သံတွဲမြို့နယ်မှာ အခုရက်ပိုင်းအတွင်း ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှုတွေကြောင့် သေဆုံးသူ ၅ ဦးရှိသွားပြီလို့ သိရပါတယ်။ သေဆုံးသူတွေဟာ မွတ်စလင်အမျိုးသား ၄ ဦးနဲ့ အမျိုးသမီး ၁ ဦးဖြစ်တယ်လို့ အမည်မဖော်လိုတဲ့ ရဲအရာရှိတစ်ဦးကို ကိုးကားပြီး AFP သတင်းဌာနက ဒီနေ့ ဖော်ပြပါတယ်။

သဗြုချိုင်ကျေးရွာက ကမန်အမျိုးသမီးတစ်ဦး သေဆုံးပြီး၊ တောင်ကုတ်မြို့ကနေ သံတွဲမြို့ကို ဆိုင်ကယ်နဲ့လာရောက်တဲ့ ရခိုင်အမျိုးသား ၄ ဦးဟာလည်း ရွှေလှေကျေးရွာအနီးမှာ အကြမ်းဖက်ခံရမှုကြောင့် ဒဏ်ရာရရှိခဲ့တယ်လို့ သံတွဲခရိုင်ရဲတပ်ဖွဲ့မှ အမည်မဖော်လိုသူ အရာရှိတစ်ဦးက RFA ကို ပြောပါတယ်။

"ကျနော်တို့ သိသမျှတော့ သဗြုချိုင်တောင်ပေါ်ကတော့ ၁၉  လုံး၊ ပေါက်တောကတော့ ၂၈ လုံး ဒါကတော့ အတည်ပြုထားတာပေါ့၊ ကျနော်တို့သိထားတာကတော့ သဗြုချိုင်က ဒေါ်အေးကြည်တစ်ယောက်ပဲ အတည်ပြုနိုင်သေးပါတယ်၊ နောက်ထပ် ဆေးရုံရောက်နာမည်တွေ ဘာတွေမှ အတည်ပြုလို့ရမှာပါ"

ဒီအကြမ်းဖက်မှုတွေအတွင်း နေအိမ် ၅၆ လုံး မီးလောင်ဆုံရှုံးခဲ့တယ်လို့လည်း သံတွဲခရိုင်ရဲတပ်ဖွဲ့က ပြောပါတယ်။

ဒီကနေ့မှာတော့ အကြမ်းဖက် မီးရှို့တိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့တဲ့ ကျေးရွာ ၃ ရွာနဲ့ သံတွဲမြိ့ုပါ်မှာပါ ရဲတပ်ဖွဲ့ဝင်တွေအပြင် တပ်မတော်ကပါ လုံခြုံရေးတာဝန်ယူထားတယ်လို့ သိရပါတယ်။

သံတွဲမြို့ပေါ်မှာ အခြေအနေတွေကို ထိန်းသိမ်းဖို့အတွက် ည ၉ နာရီကနေ မနက် ၅ နာရီအထိ ထုတ်ပြန်ထားတဲ့ ညမထွက်ရအမိန့်ကို ည ၆ နာရီကနေ မနက် ၆ နာရီအထိ မနေ့က ပြောင်းလဲထုတ်ပြန်ခဲ့ပါတယ်။ ပဋိပက္ခတွေကြောင့် နေအိမ်တွေ ဆုံးရှုံးခဲ့ရသူတွေအတွက် လင်းသီကျေးရွာမှာ ဒုက္ခသည်စခန်းဖွင့်လှစ်ထားရှိပြီး တာဝန်ရှိသူတွေက အကူအညီပေးအပ်မှုတွေ ပြုလုပ်နေတယ်လို့လည်း သိရပါတယ်။

သဗြုချိုင်နဲ့ ပေါက်တောကျေးရွာတွေမှာ မနေ့က ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မီးရှို့မှုတွေကြောင့် အနီးအနားက ကျေးရွာတွေမှာ သွားရောက်ခိုလှုံနေကြသူတွေရှိသလို ထွက်ပြေးပုန်းရှောင်နေကြသူတွေကလည်း သက်ဆိုင်ရာကျေးရွာတွေကို မနေ့က ပြန်လည်ရောက်ရှိလာကြပြီလို့ ဒေသခံတွေက ပြောပါတယ်။

ရခိုင်ပြည်နယ်က ပဋိပက္ခ နောက်ဆုံးအခြေအနေနဲ့ ပတ်သက်လို့ RFA သတင်းထောက် ကိုစိုင်းထွန်းအောင်လွင် သတင်းပေးပို့ထားတာ နားဆင်နိုင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။