သံတွဲမှာ တိုက်ပွဲပြင်းထန်နေတာကြောင့် ဒေသခံ တစ်သောင်းခန့် ထွက်ပြေးနေရ

RFA Burmese
2024.04.29
သံတွဲမှာ တိုက်ပွဲပြင်းထန်နေတာကြောင့် ဒေသခံ တစ်သောင်းခန့် ထွက်ပြေးနေရ တိုက်ပွဲကြောင့် သံတွဲမြို့ပေါ်သို့ ထွက်ပြေးလာကြသည့် စစ်ဘေးဒုက္ခသည်များအား ၂၀၂၄ ခုနှစ်၊ ဧပြီလ ၂၈ ရက်နေ့က တွေ့ရစဥ်။
Citizen Journalist

ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်မြောက်ဘက် သူဌေး ရေအားလျှပ်စစ် စီမံကိန်းအနီးမှာ ဧပြီလ ၂၂ ရက်နေ့ကစပြီး တိုက်ပွဲပြင်းထန်နေသလို စစ်ကောင်စီတပ်က လက်နက်ကြီးအပြင် လေကြောင်းနဲ့ပါ ဗုံးကြဲနေတာကြောင့် ဒေသခံတစ်သောင်းခန့် ဘေးလွတ်ရာ ထွက်ပြေးနေရတယ်လို့ အဲဒီဒေသခံတွေက ပြောပါတယ်။

သံတွဲမြို့နယ်၊ ပုရစ်ရွာနဲ့ ရေကောက်ရွာအနီးမှာ ဧပြီလ ၂၂ ရက်နေ့ကနေ ဧပြီလ ၂၈ ရက်နေ့ မနေ့ကအထိ စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်တော် (AA) တို့ တိုက်ပွဲပြင်းထန်နေပြီး ဂျက်တိုက်လေယာဥ်တွေနဲ့ပါ ပစ်နေတာလို့ ဆိုပါတယ်။

ရေကောက်၊ ပုရစ်၊ ဒေါ်မြ၊ ရွှေလှေစတဲ့ရွာတွေအပါအဝင် ကျေးရွာဆယ်ရွာလောက်က ဒေသခံတစ်သောင်းခန့် အိုးအိမ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရတာလို့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

“ထွက်ပြေးတိမ်းရှောင်နေရတာ လူတစ်သောင်းခန့်ရှိပါတယ်။ တိုက်ပွဲအနီးအနားက ကျေးရွာတွေပါ။ ရွာပေါင်း ဆယ်ရွာခန့်ရှိပါတယ်။ သံတွဲမြို့ကို ရှောင်လာကြတာလည်း ရှိတယ်။ တောင်ကုတ်ကို ရှောင်လာကြတာလည်းရှိတယ်။ အဓိကတော့ လက်နက်ကြီးနဲ့ လေကြောင်းက ဗုံးကြဲမှာကို ကြောက်လို့ထွက်ပြေးတာပါ”

စစ်ကောင်စီတပ်က ဂျက်တိုက်လေယာဥ်နဲ့ ဗုံးလာကြဲသလို သံတွဲမြို့ပေါ် တပ်ရင်းတွေနဲ့ စစ်ရေယာဥ်ပေါ်ကနေပါ လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတာလို့ ဒေသခံတွေက ပြောပါတယ်။

တိုက်ပွဲအတွင်း နှစ်ဖက် ထိခိုက်သေဆုံးမှုကိုတော့ ဒေသခံတွေအနေနဲ့ သေချာမသိရသေးဘူးလို့ ဆိုပါတယ်။

တိုက်ပွဲအခြေအနေနဲ့ပတ်သက်ပြီး အတိအကျသိရဖို့ ရက္ခိုင့်တပ်တော် (AA) ပြန်ကြားရေးတာဝန်ခံ ဦးခိုင်သုခကို မေးမြန်းထားပေမယ့် ပြန်လည်ဖြေဆိုခြင်း မရှိသေးသလို စစ်ကောင်စီရဲ့ ရခိုင်ပြည်နယ်ပြောခွင့်ရသူ ပြည်နယ် ဥပဒေချုပ် ဦးလှသိန်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့်လည်း ဖုန်းမကိုင်ပါဘူး။

ရခိုင်ပြည်နယ်မှာ စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်တော် (AA) တို့ တိုက်ပွဲဖြစ်တာ ငါးလကျော် ရှိသွားပြီဖြစ်ပြီး ပေါက်တော၊ မင်းပြား၊ ကျောက်တော်၊ မြောက်ဦး၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ရမ်းဗြဲ၊ မြေပုံနဲ့ ချင်းပြည်နယ် ပလက်ဝစတဲ့မြို့နယ် ကိုးမြို့နယ်ကို AA က သိမ်းပိုက်ထားပါတယ်။

လက်ရှိ အမ်း၊ ဘူးသီးတောင်၊ မောင်တောနဲ့ သံတွဲမြို့နယ်တွေမှာပါ တိုက်ပွဲတွေ ပြင်းထန်နေတာ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။