လေကြောင်းတိုက်ခိုက်မှုကြောင့် သံတွဲဒေသခံ ခုနစ်ဦးသေဆုံး

RFA Burmese
2024.05.18
လေကြောင်းတိုက်ခိုက်မှုကြောင့် သံတွဲဒေသခံ ခုနစ်ဦးသေဆုံး တိုက်ပွဲကြောင့် သံတွဲမြို့ပေါ်သို့ ထွက်ပြေးလာကြသည့် စစ်ဘေးဒုက္ခသည်များအား ၂၀၂၄ ခုနှစ်၊ ဧပြီလ ၂၈ ရက်နေ့က တွေ့ရစဥ်။
Citizen Journalist

ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ် နတ်တောင်မော်ရွာကို မေလ ၁၈ ရက်နေ့မှာ စစ်ကောင်စီက လေကြောင်းကနေ ပစ်ခတ်တာကြောင့် အရပ်သား ခုနစ်ဦးသေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

လေယာဉ်နဲ့ပစ်လို့ အရပ်သားတွေသေဆုံးခဲ့တာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကိုပြောပါတယ်။

"စစ်ကောင်စီက လေယာဉ်နဲ့ ကြဲတာမှာ ထိတာ၊ ပွဲချင်းပြီး လေးယောက် သေတယ်၊ ဆေးရုံပို့ရင်းသေတာနဲ့ဆို ခုနစ်ယောက် သေတယ်"

သေဆုံးသူတွေနဲ့ပတ်သက်တဲ့ အချက်အလက်အသေးစိတ်ကိုတော့ မသိရသေးပါဘူး။ မေလ ၁၈ ရက်နေ့ တစ်နေ့လုံးနီးပါး စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်တော်( AA )တို့ကြား တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုများတာကြောင့် ရွှေလှေရွာကနေ ဆုတ်ခွာသွားပြီး လေကြောင်းကနေ ပစ်ခတ်နေတယ်လို့လည်း ဒေသအခြေစိုက် မီဒီယာတွေမှာ ဖော်ပြထားပါတယ်။

စစ်ကောင်စီလေကြောင်းကနေ ပစ်ခတ်လို့ အရပ်သားတွေ သေဆုံးတယ်ဆိုတာနဲ့ ပတ်သက်ပြီး စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ဖုန်းနဲ့ဆက်သွယ်မေးမြန်းပေမဲ့ လက်ခံဖြေဆိုတာ မရှိသလို RFA အနေနဲ့လည်း သီးခြားအတည်မပြုနိုင်သေးပါဘူး။

သံတွဲမြို့နယ် တိုက်ပွဲအခြေအနေတွေနဲ့ ပတ်သက်ပြီး ရက္ခိုင့်တပ်တော်(AA)က သတင်းထုတ်ပြန်တာ မရှိသေးသလို AA ပြောခွင့်ရသူ ဦးခိုင်သုခကို ဖုန်းနဲ့ဆက်သွယ်ပေမဲ့ ဖုန်းမဖြေပါဘူး။ ဒီအခြေအနေနဲ့ပတ်သက်ပြီး RFA က ဆက်လက်စုံစမ်းနေဆဲဖြစ်ပါတယ်။

မေလ ၁၆ ရက်နေ့ကလည်း သံတွဲမြို့နယ်မြောက်ဘက် သူဌေးချောင်းရေအားလျှပ်စစ်စီမံကိန်းအနီးမှာရှိတဲ့ လင်းသီနဲ့ ပြင်ရောင်းကျေးရွာတွေကို စစ်ကောင်စီ လေယာဉ်နဲ့ ဗုံးကြဲလို့ အဲဒီရွာ နှစ်ရွာက ဒေသခံ နှစ်ထောင်နီးပါး သံတွဲမြို့ပေါ်ကိုထွက်ပြေးတိမ်းရှောင်နေရပါတယ်။

ပြီးခဲ့တဲ့ဧပြီလကစပြီး သံတွဲမြို့နယ်အတွင်း စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်တော်( AA )တို့ တိုက်ပွဲတွေ ပြင်းထန်နေတာကြောင့် ဒေသခံ တစ်သောင်းကျော် ထွက်ပြေးတိမ်းရှောင်နေရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။