အာရက္ခတပ်တော် (AA) နဲ့ စစ်ကောင်စီတပ်တွေကြား တိုက်ပွဲတွေပြင်းထန်နေတဲ့ ရခိုင်ပြည်နယ် သံတွဲမြို့ရှိ အကျဉ်းထောင်ကနေ နိုင်ငံရေးအကျဉ်းသားတွေအပါအဝင် အယောက် ခုနစ်ဆယ်နီးပါးကို စစ်ကောင်စီက လွှတ်ပေးလိုက်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
လွတ်လာသူတွေထဲမှာ AA နဲ့ ဆက်စပ်တဲ့လူတွေတော့ မပါဘူးလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။
"အကျဉ်းသားက ခုနစ်ဆယ်ဝန်းကျယ်လောက်လွှတ်လိုက်တယ်လို့ပြောတယ်၊ AA နဲ့ ဆက်စပ်တဲ့ ရခိုင်တွေတော့ မပါဘူးပေ့ါ၊ NLD ပါတီဝင်တွေလည်း လွှတ်ပေးတယ်လို့ ကြားတယ်၊ ပြီးတော့ ဆန္ဒပြတုန်းက ဖမ်းခံရတဲ့ မြို့ကလူတွေလည်း ပါတယ်လို့ ပြောတယ်၊ တိတိကျကျတော့ ဘယ်နှစ်ယောက်လွှတ်ပေးတယ်ဆိုတာတော့ မသိဘူး၊ ထောင်ထဲမှာ ၆၀ ဝန်းကျင်လောက် ကျန်သေးတယ်လို့ ပြောတယ်"
စစ်ကောင်တပ်ဟာ သံတွဲအကျဉ်းထောင်တွင်းမှာ ဇွန်လကတည်းက လက်နက်ကြီးတွေ တပ်ဆင်ပြီး ခံတပ်ပြုလုပ်ကာ ပြန်လည်ပစ်ခတ်နေတယ်လို့ ဒေသအခြေစိုက် မီဒီယာတစ်ခုဖြစ်တဲ့ Dwayarwad Community Base News Agency က သတင်းမှာ ဖော်ပြထားပါတယ်။
ဇူလိုင်လ ၁၂ ရက်နေ့ကလည်း သံတွဲအကျဉ်းထောင်အတွင်း လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့တယ်လို့ ရေးသားထားပါတယ်။
သံတွဲထောင်က အကျဉ်းသားတွေ လွတ်လာတာနဲ့ပတ်သက်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) ကတော့ မသိသေးဘူးလို့ ကွန်ရက် တာဝန်ရှိသူ ကိုသိုက်ထွန်းဦးက ပြောပါတယ်။
"သံတွဲထောင်ကိစ္စက ကျွန်တော်တို့လည်း လိုက်နေဆဲဖြစ်တယ်ဗျ၊ ဘာမှတော့ တိတိကျကျ အချက်အလက်ရတာ မရှိသေးဘူး"
အကျဉ်းသားတွေ လွှတ်ပေးတာနဲ့ ပတ်သက်ပြီး စစ်ကောင်စီဘက်က တစ်စုံတစ်ရာထုတ်ပြန်တာ မရှိသလို စစ်ကောင်စီ အကျဉ်းဦးစီးဌာန တာဝန်ရှိသူတွေကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။ ဒီကိစ္စနဲ့ပတ်သက်ပြီး RFA က သီးခြားအတည်မပြုနိုင်သေးပါဘူး။
AA ကတော့ ငပလီ ကမ်းခြေအနီးက မဇင်လေဆိပ်ကို ဇွန်လ ၂၂ ရက်မှာသိမ်းယူခဲ့သလို့ သံတွဲမြို့နယ်က စစ်ကောင်စီအခြေစိုက်တပ်ရင်းတွေဖြစ်တဲ့ ခလရ (၅၅) တပ်ရင်းနဲ့ ခမရ (၅၆၆) တို့ကိုလည်း သိမ်းယူထားတယ်လို့ ထုတ်ပြန်ထားပါတယ်။
လက်ရှိသံတွဲမြို့အနီးမှာ နှစ်ဖက်တိုက်ပွဲ ပြင်းထန်နေသလို စစ်ကောင်စီဘက်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်နေပြီး ဖုန်းလိုင်းတွေလည်း ပြတ်တောက်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။