သံတွဲမှာ PDF နဲ့ ဆက်စပ် စွပ်စွဲခံရသူ အမျိုးသမီးသုံးဦး ထောင် ၁၀ နှစ်စီ ချခံရ
ရခိုင်ပြည်နယ် သံတွဲမြို့မှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) နဲ့ ဆက်စပ်တယ်ဆိုပြီး အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ -၅၀(ည) နဲ့ ဖမ်းဆီးတရားစွဲခံထားရတဲ့ အမျိုးသမီးသုံးဦးကို မတ်လ ၃၁ ရက်နေ့ ဒီကနေ့မှာ သံတွဲမြို့ ခရိုင် တရားရုံးကနေ ထောင်ဒဏ် ၁၀ နှစ်စီ ချမှတ်လိုက်တယ်
- 2022-03-31
-
-
-
ရခိုင်ပြည်နယ် သံတွဲမြို့မှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) နဲ့ ဆက်စပ်တယ်ဆိုပြီး အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ -၅၀(ည) နဲ့ ဖမ်းဆီးတရားစွဲခံထားရတဲ့ အမျိုးသမီးသုံးဦးကို မတ်လ ၃၁ ရက်နေ့ ဒီကနေ့မှာ သံတွဲမြို့ ခရိုင်တရားရုံးကနေ ထောင်ဒဏ် ၁၀ နှစ်စီ ချမှတ်လိုက်တယ်လို့ သူတို့နဲ့ နီးစပ်သူတွေက RFA ကို ပြောပါတယ်။
အသက် ၂၅ နှစ်အရွယ် မတင်စန္ဒာဝင်းနဲ့ အသက် ၃၅ နှစ်အရွယ် ဒေါ်ငြိမ်းအိသူကျော်၊ အသက် ၅၀ အရွယ် ဒေါ်စန်းချိုသိုက်တို့ ထောင်ဒဏ်ချမှတ်ခံလိုက်ရတာပါ။
ပြစ်ဒဏ်ချမှတ်ခံရသူတွေရဲ့ မိတ်ဆွေတစ်ဦးက ဒါဟာ စစ်ကောင်စီက မတရား လုပ်ဆောင်တာပဲဖြစ်တယ်လို့ မှတ်ချက်ပြုပါတယ်။
“ဒီနေ့မှာပဲ သံတွဲခရိုင် တရားရုံးကနေ ထောင်ဒဏ် ၁၀ နှစ်စီ ချမှတ်လိုက်ပါတယ်။ သူတို့တွေအားလုံးက မိသားစု မှာ အားကိုးအားထားပြုနေရတဲ့သူတွေပါ။ အခုလို ထောင်ဒဏ်နှစ်ရှည်ချမှတ်လိုက်တော့ အားလုံးအခက်အခဲ ဖြစ်ရတော့မှာပေ့ါ။ စစ်ကောင်စီမှာ ဥပဒေဆိုတာမရှိဘူး။ သူလို့တပ်ချင်တဲ့ပုဒ်မတပ်ပြီး ဖမ်းချင်သလို ဖမ်းတယ်။ ချချင်သလိုချနေတာ။ ဒါက မတရားလုပ်နေတာလို့ပဲ ပြောချင်ပါတယ်”
အခု နှစ်ရှည်ထောင်ဒဏ်ချမှတ်ခံရတဲ့ အမျိုးသမီးသုံးဦးကို ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် နိုဝင်ဘာလ ၃ ရက်နေ့နဲ့ ၆ ရက်နေ့တွေက သူတို့ရဲ့ နေအိမ်တွေကနေ ဖမ်းဆီးသွားတာပါ။
အဲဒီနောက် သံတွဲမြို့မရဲစခန်းမှူး ဒုရဲမှူးဝင်းနိုင်စိုးက တရားလိုလုပ်ပြီး အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေပုဒ်မ - ၅၀ (ည) တရားစွဲခဲ့တာပါ။
သူတို့ရဲ့ မိသားစုတွေကို မီဒီယာတွေကို သတင်းပေး မဖြေ ကြားဖို့၊ ဥပဒေကြောင်းအရ ကူညီပေးနေတဲ့ အဖွဲ့အစည်းတွေနဲ့ မဆက်သွယ်ဖို့ကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက လာရောက်ပြောဆိုတာ တွေရှိတယ်လို့ မိသားစုနဲ့ နီးစပ်သူတွေက ပြောပါတယ်။
ဒါကြောင့် အခုကိစ္စနဲ့ ပတ်သက်လို့ မိသားစုဝင်တွေက မဖြေကြားရဲကြသလို အခု ဖြေကြားသူဟာလည်း လုံခြုံရေးအရဆိုပြီး အမည်မဖော်ပြလိုပါဘူး။
ရခိုင်ပြည်နယ်မှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) နဲ့ ဆက်စပ်တယ်ဆိုပြီး အကြမ်း ဖက်မှု တိုက်ဖျက်ရေး ဥပဒေပုဒ်မတွေနဲ့ ဖမ်းဆီးတရားစွဲခံရတာ အမျိုးသမီး ငါးဦးနဲ့ အမျိုးသား လေးဦး၊ စုစုပေါင်း ကိုးဦးအထိ ရှိနေပါတယ်။
အဲဒီအထဲမှာ သံတွဲမြို့နယ်က အများဆုံးဖြစ်ပြီး တောင်ကုတ်မြို့က နှစ်ဦး၊ ကျောက်ဖြူ၊ မြောက်ဦး စတဲ့မြို့နယ်တွေက တစ်ဦးစီ ပါဝင်ပါတယ်။
မြောက်ဦးမြို့နယ်မှာ ဖမ်းဆီးတရားစွဲခံခဲ့ရတဲ့ စာရေးဆရာလူငယ် ကိုမင်းဒီပါကလည်း ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၅ ရက်နေ့က ထောင်ဒဏ် ၁၀ နှစ် ချမှတ်ခံခဲ့ရပါတယ်။