သံတွဲမြို့မှာ ရေကြီးရေလျှံလို့ အိမ်ထောင်စု ၂၀၀ ကျော် ပြောင်းရွှေ့နေရ

ရခိုင်ပြည်နယ် သံတွဲမြို့မှာ ရေကြီးရေလျှံနေလို့ လူနေအိမ်တွေ အများအပြား ရေနစ်မြုပ်နေတာကြောင့် အိမ်ထောင်စု ၂၀၀ ကျော် ပြောင်းရွှေ့နေရပြီလို့ ကူညီဆောင်ရွက်ပေးနေတဲ့သူတွေက RFA ကို ပြောပါတယ်။
ဒီရက်ပိုင်း မိုးတွေ အဆက်မပြတ်ရွာသွန်းနေတာကြောင့် မနေ့က ညနေပိုင်းလောက်က သံတွဲမြို့ တစ်မြို့လုံး နီပါး ရေနစ်မြှုပ်နေတာဖြစ်ပြီး အခုလက်ရှိ ရပ်ကွက်တချို့မှာ ရေအနက် ၁၃ ပေ၊ ၁၄ ပေခန့်အထိ မြင့်တက်နေ ပြီလို့ သံတွဲမြို့ခံ ဦးဇော်ဝင်းလှိုင်က ပြောပါတယ်။
သံတွဲမြို့က အကွက် ၁ အပါအဝင် ရပ်ကွက် ၇ ခုတို့မှာ ဆိုးဆိုးဝါးဝါးရေနစ်မြုပ်နေပြီး အကွက် ၄ နဲ့ အကွက် ၈ ရပ်ကွက် နှစ်ခုသာ ကျန်တော့တယ်လို့လည်း ဆိုပါတယ်။
သံတွဲမြို့က ဓားသွေးကျောက်ဘုန်းကြီးကျောင်း၊ နံတော်တောင်ဘုန်းကြီးကျောင်းနဲ့ တခြားနီးစပ်ရာ ကုန်းမြင့်နေရာတွေကို ပြောင်းရွှေ့နေကြရတယ်လို့ ကူညီဆောင်ရွက်ပေးနေတဲ့ ကိုမင်းခန့် က RFA ကို ပြောပါတယ်။
အခုလက်ရှိ သံတွဲတစ်မြို့လုံး လျှပ်စစ်မီးတွေလည်းပြတ်တောက်နေသလို မိုးကလည်း ရွာနေဆဲဖြစ်ကာ သံတွဲမြို့အနီးကျေးရွာဖြစ်တဲ့ ကျောင်းတိုက်၊ လက်ပံစု၊ နတ်ပြင်၊ ဇာဒီပြင်စတဲ့ကျေးရွာတွေမှာလည်း ဒီနေ့မနက်ကစလို့ ရေကြီးရေလျှံနေတယ်လို့ သေခံတွေက ပြောကြပါတယ်။