မင်းကင်းမြို့နယ် သံပေါက်ရွာ မီးလောင်ပြင်


(ဝဲ)၂၀၂၁ နိုဝင်ဘာ ၂၉ ရက်နေ့က ဂြိုဟ်တုဓာတ်ပုံတွင်တွေ့ရသည့် မင်းကင်းမြို့နယ် သံပေါက်ရွာ။ (Google Earth)
(ယာ) မီးရှို့ခံရပြီးနောက် ၂၀၂၂ ခုနှစ် ဧပြီလ ၂၉ ရက်နေ့က ဂြိုဟ်တုဓာတ်ပုံတွင်တွေ့ရပုံ။ (Planet Lab)
စစ်ကိုင်းတိုင်းအတွင်းက ကျေးရွာတွေကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုး ဝင်ရောက်ခဲ့ပြီးနောက် ဧပြီလ ၂၅ ရက်နေ့ကနေ ၂၇ ရက်နေ့ သုံးရက်အတွင်း မင်းကင်း၊ ခင်ဦးနဲ့ ရွှေဘိုမြို့နယ်က ကျေးရွာတွေမှာ နေအိမ်အလုံးငါးရာကျော် မီးရှို့ခံခဲ့ရပါတယ်။
ဧပြီလ ၂၅ ရက်နေ့မှာ မင်းကင်းမြို့နယ် သံပေါက်ရွာက နေအိမ် ၂၀၀ ဝန်းကျင်၊ ဇင်ကလဲရွာက နေအိမ် ၇၀ နီးပါးနဲ့ ၂၆ ရက်နေ့မှာ ခင်ဦးမြို့နယ် သံဘိုရွာက နေအိမ် ၂၂၀ မီးလောင်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဧပြီလ ၂၇ ရက် မနေ့ညပိုင်းကလည်း ရွှေဘိုမြို့နယ်ထဲက မလားရွာနဲ့ မခေါက်ရွာကို စစ်ကောင်စီတပ်သားတွေ ထပ်မံမီးရှို့ခဲ့ပြီး ဒေသခံတွေ ထွက်ပြေးနေရတာကြောင့် မီးလောင်ကျွမ်းတဲ့နေအိမ် အတိအကျကို မသိရသေးပါဘူး။
စစ်ကိုင်းတိုင်းအတွင်းက မြို့နယ် ၃၇ မြို့နယ်ထဲမှာ စစ်ကောင်စီတပ်တွေကို အပြင်းအထန်ခုခံတိုက်ခိုက်နေတဲ့ မင်းကင်း၊ ကနီ၊ ယင်းမာပင်၊ ပုလဲ၊ ရေဦး၊ ခင်ဦး၊ ရွှေဘို၊ ဒီပဲယင်းအပါအဝင် ၂၇ မြို့နယ်ကို ၂၀၂၂ ခုနှစ် မတ်လ ၃ ရက်နေ့က စပြီး အင်တာနက် ဖြတ်တောက်ထားပါတယ်။
နိုင်ငံရေးနဲ့စစ်ရေးပဋိပက္ခနောက်ဆက်တွဲ ဖြစ်စဉ်တွေကို စောင့်ကြည့်မှတ်တမ်းတင်နေတဲ့ Data for Myanmar အဖွဲ့ရဲ့ ၂၀၂၂ ခုနှစ် ဧပြီလ ၁၃ ရက်နေ့အထိ စာရင်းတွေအရ အာဏာသိမ်းပြီးချိန်ကစလို့ စစ်ကောင်စီတပ်နဲ့ လက်အောက်ခံအဖွဲ့တွေ မီးရှို့ဖျက်ဆီးခဲ့တဲ့ နေအိမ်ပေါင်းကိုးထောင်ကျော် ရှိသွားပြီ ဖြစ်ပြီး၊ အဲဒီအထဲမှာ စစ်ကိုင်းတိုင်းက နေအိမ်ခြောက်ထောင်နီးပါးနဲ့ အများဆုံး မီးရှို့ဖျက်ဆီးခံထားရပါတယ်။