သခင်ကိုယ်တော်မှိုင်း နှစ်လည် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်

ငြိမ်းချမ်းရေးဗိသုကာ ဆရာကြီး သခင်ကိုယ်တော်မှိုင်း ကွယ်လွန်ခြင်း ၄၇ နှစ်ပြည့် နှစ်လည် အခမ်းအနားကို မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ခဲ့ပြီး ဆရာကြီး ရဲ့ ‘သူမသာ ကိုယ်မနာ’ ငြိမ်းချမ်းရေးလမ်းစဉ်ကို ထောက်ခံကြောင်း ပြောဆိုခဲ့တယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံ ပြည်တွင်း ငြိမ်းချမ်းရေးအတွက်သာမက ကမ္ဘာ့ ငြိမ်းချမ်းရေးအတွက်လည်း ကြိုးပမ်းဆောင်ရွက်ခဲ့သော ဆရာကြီး သခင်ကိုယ်တော်မှိုင်း ခေါ် ဦးလွန်း၏ ၁၉၅၈ ခုနှစ်က ဓာတ်ပုံဟောင်း တခုဖြစ်ပါသည်။ (Photo: Wikimedia) Photo: Wikimedia

ဒီအခမ်းအနားကို ဒီကနေ့မနက်ပိုင်းက ရန်ကုန်တိုင်း စမ်းချောင်းမြို့နယ် ကျွန်းတောဘုန်းကြီးကျောင်း ဓမ္မာရုံမှာ ကျင်းပခဲ့တာပါ။

အခမ်းအနားကို ဦးဆောင်စီစဉ်ခဲ့တဲ့ ဆရာကြီး သခင်ကိုယ်တော်မှိုင်းရဲ့ မိသားစုဝင် စာရေးဆရာသန်းစိုးနိုင်က RFA ကို အခုလို ပြောပါတယ်။

“ဒေါ်အောင်ဆန်းစုကြည် ရောက်လာတော့ ဆရာကြီးရဲ့ ‘သူမသာ ကိုယ်မနာ’ ငြိမ်းချမ်းရေးလမ်းစဉ်ကို သူ ထောက်ခံတဲ့အနေနဲ့၊ နောက်ပြီးတော့ ဆရာကြီးရဲ့ အစဉ်အလာကို လေးစားသောအားဖြင့် သူလာတယ် ဆိုတဲ့အကြောင်း ပြောပါတယ်။ ကျနော်က မိသားစု ကိုယ်စားပြုပြီးတော့ ဆရာကြီးမှိုင်းရဲ့ ၁၉၅၇ ခုနှစ်က ထုတ်ပြန် ကြေညာချက်ကို ဖတ်ပါတယ်။ ပြီးတော့ ဦးအံ့မောင်ကနေ ဒဂုန်တာရာရဲ့ ၉၃ နှစ်ပြည့် ငြိမ်းချမ်းရေးသဝဏ်လွှာ ကို ဖတ်ကြားပါတယ်။ ပြီးတော့ ရဟန်းသံဃာနဲ့ ပြည်သူလူထုအပေါင်းကို ပြည်တွင်းစစ် ရပ်စဲရေး၊ ငြိမ်းချမ်းရေး ပန်ကြားချက်ကို ဦးဖေအောင်က ဖတ်ကြားပါတယ်။နောက် ဒီကိစ္စတွေနဲ့ ပတ်သက်ပြီး ဦးလေးမြင့်က နောက်ခံသမိုင်းကြောင်းတွေကို ရှင်းပြပါတယ်”

အဲဒီနောက် အခမ်းအနား တက်ရောက်လာသူတွေက ငြိမ်းချမ်းရေးအတွက်ဆန္ဒပြု လက်မှတ်ရေးထိုးကြတယ်လို့ သိရပါတယ်။

ကဗျာဆရာ စာရေးဆရာ အံ့မောင်၊ ပိတောက်ပွင့်သစ်မဂ္ဂဇင်း အယ်ဒီတာချုပ် ကဗျာဆရာ မောင်စိမ်းနီ၊ ကဗျာဆရာ မောင်လင်းရိပ်နဲ့ မိုးဦးဆွေငြိမ်းတို့ကလည်း ဆရာကြီး သခင်ကိုယ်တော်မှိုင်းရဲ့ လေးချိုးကြီးတွေကို ရွတ်ဖတ်ကြပါတယ်။

ဒါ့အပြင် တေးရေး ကိုရဲလွင်၊ အဆိုတော် ဇေယျာသော် အပါအဝင် အနုပညာရှင်တွေနဲ့ NLD လူငယ် တွေကလည်း ဆရာကြီးရဲ့ လေးချိုးတပုဒ်ကို သံစဉ်ထည့်ပြီး ဂုဏ်ပြု သီဆိုကြတယ်လို့ သိရပါတယ်။

ဆရာကြီး သခင်ကိုယ်တော်မှိုင်းရဲ့ ငြိမ်းချမ်းရေး ဆောင်ရွက်ချက်တွေနဲ့ ပတ်သက်လို့ ၁၉၅ဝ ပြည့်လွန်နှစ်ကာလ ငြိမ်းချမ်းရေးလှုပ်ရှားမှုတွေမှာ ပါဝင်ခဲ့တဲ့ ဦးလေးမြင့် (ခေါ်) စာရေးဆရာ လှကွန့်ကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော်က ဆက်သွယ် မေးမြန်းထားပါတယ်။

ဆက်သွယ်မေးမြန်းချက်။
အသံဖိုင်ယူရန်။
2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org