သခင်ကိုယ်တော်မှိုင်း ၁၄၀ မြောက်မွေးနေ့ပွဲ ကျင်းပ
2016.03.23

ငြိမ်းချမ်းရေးဗိသုကာ ဆရာကြီး သခင်ကိုယ်တော်မှိုင်းရဲ့ ၁၄၀ မြောက်မွေးနေ့ပွဲကို ရန်ကုန်မြို့ ရွှေတိဂုံဘုရားအနီးက ဆရာကြီးရဲ့ ဂူဗိမာန်မှာ ကျင်းပခဲ့ပါတယ်။
အခမ်းအနားမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နာယက သူရဦးတင်ဦးက တက်ရောက်မိန့်ခွန်းပြောကြားရာ အန်အယ်လ်ဒီပါတီ အစိုးရတာဝန်ယူချိန်ကစပြီး ဆရာကြီးသခင်ကိုယ်တော်မှိုင်း ချမှတ်ခဲ့တဲ့ ငြိမ်းချမ်းရေး လမ်းစဉ်အတိုင်း ဆောင်ရွက်လာခဲ့ကြောင်း ပြောပါတယ်။
"ငြိမ်းချမ်းရေးကို ယူချင်မယ်ဆိုရင် လက်နက်ကိုင် ပဋိပက္ခကို လုံးဝဖျက်သိမ်းရပါလိမ့်မယ်၊ ရပ်ဆိုင်းရပါလိမ့်မယ်၊ ဆရာကြီးကိုယ်တိုင်ကလည်းပဲ လေးလေးနက်နက်စခဲ့တဲ့ ငြိမ်းချမ်းရေးဟာ အခုတပည့်တို့ အားလုံးအပေါ်မှာ တာဝန်ကျလာပြီဖြစ်တဲ့အတွက် တစ်ပြည်လုံးကလည်း ငြိမ်းချမ်းချင်နေကြပါပြီ၊ အေးချမ်းချင်နေကြပါပြီ"
အခမ်းအနားမှာ ကဗျာတွေကို ရွတ်ဆိုခဲ့ကြပြီး သခင်ကိုယ်တော်မှိုင်း နှစ် ၁၄၀ပြည့်မွေးနေ့အထိမ်းအမှတ် နဲ့ လက်ပံတန်း ကျောင်းသားသပိတ်စစ်ကြောင်းနဲ့ ပတ်သက်တဲ့ သတင်းဆောင်းပါးဆုကိုလည်း ပေးအပ်ခဲ့ပါတယ်။
အခမ်းအနားကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နာယက ဦးတင်ဦး၊ ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်း ခေါင်းဆောင်တွေ၊ လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီနဲ့ နိုင်ငံရေးပါတီတွေ၊ သံဃာတော်တွေနဲ့ ကျောင်းသားသမဂ္ဂ အဖွဲ့အစည်းတွေ၊ စာရေးဆရာတွေ တက်ရောက်ခဲ့ကြပါတယ်။