ထိုင်းသွားမယ့် မြန်မာတွေ ရောဂါကင်းရှင်းကြောင်း စောင့်ကြည့်စစ်ဆေးမှု မလို

2021.11.01
ထိုင်းသွားမယ့် မြန်မာတွေ ရောဂါကင်းရှင်းကြောင်း စောင့်ကြည့်စစ်ဆေးမှု မလို ထိုင်းနိုင်ငံ ဘန်ကောက်မြို့က သုဝဏ္ဏဘူမိလေဆိပ်မှာ ခရီးသွားများ စတင်ရောက်ရှိနေတာကို ၂၀၂၁ နိုဝင်ဘာ ၁ ရက်‌နေ့က တွေ့ရစဉ်
Photo: AFP

နိုဝင်ဘာလ ၁ ရက်နေ့ကစပြီး ကိုဗစ် - ၁၉ ကာကွယ်ဆေးထိုးပြီးသူတွေ ထိုင်းနိုင်ငံကို ရောဂါကင်းရှင်းကြောင်း စောင့်ကြည့်စစ်ဆေးမှု မလိုဘဲ ဝင်ရောက်နိုင်မယ်လို့ ကြေညာတဲ့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ စာရင်းထဲ မှာ မြန်မာနိုင်ငံလည်း ပါဝင်လာပါတယ်။

အောက်တိုဘာလ ၂၁ ရက်နေ့က ထုတ်ပြန်ချက်မှာ အမေရိကန်၊ ဂျပန်၊ တရုတ်၊ ဗြိတိန်၊ ဩစတြေးလျ၊ စင်ကာပူ၊ မလေးရှား၊ ဘရူနိုင်းနဲ့ ကမ္ဘောဒီးယားနိုင်ငံ အပါအဝင် နိုင်ငံပေါင်း ၄၆ နိုင်ငံသာ ခွင့်ပြုမယ်လို့ ကြေညာထားပေမယ့် အောက်တိုဘာလ ၃၀ ရက်နေ့ ကြေညာချက်တဲ့ နောက်ထပ် ၁၇ နိုင်ငံ ထပ်တိုးခွင့် ပြုမယ့်အထဲမှာတော့ မြန်မာနိုင်ငံ ပါဝင်လာတာပါ။

ထပ်တိုးနိုင်ငံတွေထဲမှာ မြန်မာနိုင်ငံ အပါအဝင် အာဆီယံနိုင်ငံတွေထဲက အင်ဒိုနီးရှား၊ လာအို၊ ဖီလစ်ပိုင်နဲ့ ဗီယက်နမ်နိုင်ငံတို့ ပါဝင်လာတာဖြစ်ပြီး လေယာဉ်ပေါ်မတက်ခင် စစ်ထားတဲ့ ကိုဗစ် - ၁၉ ကင်းစင်ကြောင်း ဆေးစစ်လက်မှတ်ပါရှိရမှာဖြစ်ပါတယ်။

ရောဂါကင်းရှင်းကြောင်း စောင့်ကြည့်စစ်ဆေးမှု မလိုဘဲ ဝင်ခွင့်ရမယ်ဆိုရင် မဖြစ်မနေသွားရမယ့်သူတွေနဲ့ ဆေးသွားကုသရမယ့် သူတွေအတွက် အဆင်ပြေလာနိုင်မယ်လို့ ရန်ကုန်မြို့မှာ နေထိုင်သူတစ်ဦးက ပြောပါတယ်။

ထိုင်းအစိုးရဟာ နိုင်ငံထဲမှာ ကိုဗစ်ရောဂါကူးစက်မှု လျော့ကျလာတာကြောင့် ခရီးသွားလုပ်ငန်း ပြန်လည် တိုးတက်လာဖို့ ဘန်ကောက်နဲ့ ဖူးခက်ကမ်းခြေ အပါအဝင် ပြည်နယ် ၁၇ ခုကို အောက်တိုဘာလ ၃၁ ရက်နေ့ ကစပြီး ညမထွက်ရ အမိန့်တွေ ပြန်လည်ရုပ်သိမ်းပြီး ပြည်ဝင်ခွင့်တွေ စတင်ခွင့်ပြုတာဖြစ်ပါတယ်။

ထိုင်းအစိုးရက ခွင့်ပြုမယ့် ၆၃ နိုင်ငံက ခရီးသွားတွေဟာ ကိုဗစ် - ၁၉ ကာကွယ်ဆေး ထိုးပြီးထားရမှာ ဖြစ်တဲ့အပြင် နိုင်ငံထဲအဝင်မှာ ကိုဗစ်မရှိကြောင်း ထပ်မံ အစစ်ဆေးခံရမှာဖြစ်ပြီး ထိုင်းကျန်းမာရေး ဝန်ကြီး ဌာနက ထုတ်ပြန်ထားတဲ့ ကိုဗစ်ကာကွယ်ရေး စည်းကမ်းတွေကိုလည်း လိုက်နာရမယ်လို့ ထုတ်ပြန် ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။