ထိုင်းရထားလမ်းပြိုမှု မြန်မာအပါအဝင် သုံးဦးကို မကယ်နိုင်သေး

ထိုင်းနိုင်ငံမှာ ဆောက်လက်စ မြေအောက်ရထားလမ်း ပြိုကျမှုကြောင့် ပိတ်မိနေတဲ့ မြန်မာနိုင်ငံသား တစ်ဦးအပါအဝင် သုံးဦးကို သြဂုတ် ၂၇ ရက် ညပိုင်းအထိ မကယ်ထုတ်နိုင်သေးဘူးလို့ ထိုင်းအခြေစိုက် သတင်းတွေက ဖော်ပြပါတယ်။

ထိုင်းနိုင်ငံ အရှေ့တောင်ပိုင်း၊ အီဆန်ဒေသ၊ နခွန်ရတ်ချ်စီမားခရိုင်ရှိ ဆောက်လက်စ မြေအောက်ရထားလမ်း ပြိုကျသည့်နေရာကို ၂၀၂၄ ခုနှစ်၊ သြဂုတ်လ ၂၄ ရက်နေ့က တွေ့ရစဉ်။ Bangkok Post

ထိုင်းနိုင်ငံ၊ အရှေ့တောင်ပိုင်း၊ အီဆန်ဒေသ၊ နခွန်ရတ်ချ်စီမားခရိုင်မှာ ဆောက်လက်စ မြေအောက်ရထားလမ်း ပြိုကျမှုကြောင့် ပိတ်မိနေတဲ့ မြန်မာနိုင်ငံသား တစ်ဦးအပါအဝင် သုံးဦးကို သြဂုတ်လ ၂၇ ရက် ညပိုင်းအထိ မကယ်ထုတ်နိုင်သေးဘူးလို့ ထိုင်းအခြေစိုက် သတင်းတွေက ဖော်ပြပါတယ်။

သြဂုတ်လ ၂၄ ရက် ည ၁၁ နာရီခန့်က ဆောက်လက်စ မြေအောက်ရထားလမ်းပြိုကျမှု ဖြစ်ခဲ့ပြီး အခုထိ ကယ်ဆယ်ရေးလုပ်ငန်းတွေ ဆက်လုပ်နေတယ်လို့ ဆိုပါတယ်။

မြေအောက်ရထားလမ်းဟာ နခွန်ရတ်ချ်စီမားခရိုင်၊ ပါတ်ချောင့်မြို့နယ်၊ ကျန့်ထိုက်ရွာမှာရှိပြီး တစ်ကီလိုမီတာခွဲ ပြီးဆုံးပြီဖြစ်ပါတယ်။ ကျန်အပိုင်းကို ဆက်လုပ်ဖို့ ကားနဲ့မောင်းဝင်သွားပြီး မကြာခင်မှာ မြေပြိုကျပြီး အဝင်လမ်း ပိတ်ဆို့သွာားတာဖြစ်တယ်လို့ ထိုင်းသတင်းတွေက ဖော်ပြပါတယ်။

ပိတ်မိနေသူ သုံးဦးအနက် တစ်ဦးက ထရပ်ကားမောင်းတဲ့ မြန်မာအလုပ်သမားဖြစ်ပြီး ကျန်နှစ်ဦးကတော့ တရုတ်နိုင်ငံသားတွေ ဖြစ်ပါတယ်။

အချိန်ကြာလာတာနဲ့အမျှ သူတို့ရဲ့ အသက်အန္တရာယ် စိုးရိမ်ရတယ်လို့ အလုပ်သမားအရေး ကူညီနေတဲ့ မြန်မာပြည်သားများအရေး ပူးတွဲလှုပ်ရှားမှုကော်မတီ (JACBA) ဥက္ကဋ္ဌ ဦးမိုးကြိုးက RFA ကို ပြောပါတယ်။

"ခေတ်မီစက်ကိရိယာ နည်းပညာတွေနဲ့ ပိတ်မိနေသူတွေ အသက်ရှင်လျက်ရှိနေသးတယ်လို့ ကြားသိရတဲ့အတွက် အပူတပြင်း ကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်နေတယ်။ ကြားမှာ ကြုံတွေ့ရတဲ့ သဘာဝပတ်၀န်းကျင် အတားအဆီး အခက်အခဲတွေလည်း ရှိတယ်။ ဒီနေ့မနက်ထိတော့ အသက်ရှင်နေတယ်လို့ သတင်းကောင်းကြားရတယ်"

ကယ်ဆယ်ရေးမှာ ထိုင်းပြည်ထဲရေးဝန်ကြီး Anutin Charnvirakul ကိုယ်တိုင် ကြီးကြပ်စောင့်ကြည့်နေပြီး တရုတ်ကယ်ဆယ်ရေးအဖွဲ့တွေကပါ ဝင်ရောက်ပူးပေါင်းဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။

ဒီအမြန်ရထားလမ်းစီမံကိန်းဟာ ဘန်ကောက်-နခွန်ရတ်ချ်စီမားခရိုင်ကို သွယ်တန်းထားပြီး နောက်ပိုင်း တရုတ်နိုင်ငံအထိပါ တိုးချဲ့နိုင်ရေးရည်ရွယ်ပြီး ထိုင်းနဲ့တရုတ်နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်တာ ဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org