ထိုင်းနိုင်ငံမှာ မြန်မာအလုပ်သမား ၁၅၀ နီးပါး အဖမ်းခံရ

0:00 / 0:00

ထိုင်းနိုင်ငံ လယောင်းမြို့မှာ မြန်မာ အလုပ်သမား ၂၀၀ နီးပါးလောက်နဲ့ ဒေသခံ ထိုင်းလူမျိုးတွေ မနေ့ညပိုင်းက ခိုက်ရန်ဖြစ်ပွားခဲ့ပြီး တဲ့နောက် အဲဒီအထဲက မြန်မာ အလုပ်သမား ၁၅၀ နီးပါးလောက်ကို လယောင်မြို့ ရဲတပ်ဖွဲ့က ဖမ်းဆီး ချုပ်နှောင်ထားတယ်လို့ သိရပါတယ်။

လယောင်းမြို့က ဆောက်လုပ်ရေးလုပ်ငန်းတစ်ခုမှာ အလုပ်လုပ်နေကြသူ မြန်မာနိုင်ငံသား အလုပ်သမားတွေထဲက တစ်ဦးဟာ စက်ရုံနားမှာ ဈေးဝယ်ရင်း ဒေသခံတချို့နဲ့ခိုက်ရန်ဖြစ်ရာကနေ တောက်ထပ် ထိုင်းနိုင်ငံသားတွေဝိုင်းလာပြီး သေနတ်နဲ့ပါပစ်ခတ်တာကြောင့် မြန်မာ အလုပ်သမားတစ်ဦး ဒဏ်ရာရခဲ့တယ်လို့ ကိုယ်တိုင်ကြုံခဲ့ရသူ အလုပ်သမားကိုဇော်မိုး က ပြောပါတယ်။

" ပိုက်ဆံပေးပြီးသားကို မပေးရသေးဘူးလို့ ထပ်တောင်းတဲ့နေရာကနေပြီးတော့ မပေးရသေးဘူးလို့ ပြောတယ်၊ ပေးပြီးသားပြောတယ်၊ အဲ့လို ငြင်းခုန်နေရာကနေ၊ ဝိုင်းဝန်းထိုးကြိတ်ပြီးတော့ နင်းကြတယ်ခင်ဗျ၊ မြန်မာအလုပ်သမား လည်းပြီးတော့ ဒဏ်ရာရတဲ့အခါမှာ ကျွန်တော်တို့ မြန်မာအလုပ်သမားတွေက တွေ့ကြတဲ့ အခါမှာ ဝိုင်းပြီးတော့ ဆွဲတဲ့အခါမှာ သူတို့ဘက်က သေနတ်တွေနဲ့ ထွက်လာတယ်ခင်ဗျ၊ ကျွန်တော်တို့ အလုပ်သမားတွေကလည်း တုတ်ကိုင်ကြတယ်၊ အဲ့အခါမှာ သေနတ်နဲ့ ပစ်တော့ ကျွန်တော်တို့ အလုပ်သမားတွေကလည်း ပြန်လည်တော့ ခုခံတယ် "

ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးစဉ် မြန်မာအလုပ်သမား ၆၀ ကျော်လောက် လွတ်မြောက်သွားပြီး အဲဒီလူတွေဟာလည်း စက်ရုံကို ပြန်မသွားရဲတော့ဘဲ ထွက်ပြေးပုန်းရှောင်နေရတယ်လို့ သိရပါတယ်။

ထိုင်းနိုင်ငံ လယောင်းမြို့က ဆောက်လုပ်ရေးကုမ္ပဏီမှာ အလုပ်လုပ်နေတဲ့ မြန်မာအလုပ်သမားတွေကို ရန်ကုန်မြို့အခြေစိုက် ရွှေရည်ဖြိုးအောင် ကုမ္ပဏီက ပို့ဆောင်တာဖြစ်တယ်လို့ ဆိုပါတယ်။

ဒီနေ့အထိ မြန်မာအလုပ်သမားတွေဟာ ထိုင်းနိုင်ငံဘန်ကောက်မြို့က မြန်မာသံရုံးကိုဆက်သွယ်ဖို့ ကြိုးစားနေဆဲဖြစ်ကြောင်း သိရပါတယ်။

အဲဒီကိစ္စနဲ့ပတ်သက်လို့ စက်ရုံအလုပ်သမား ကိုဇော်မိုးကို RFA သတင်းထောက် ကိုကျော်ဇောဝင်းက ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။