ထိုင်းရောက် မြန်မာရွှေ့ပြောင်းလုပ်သားတချို့ ကိုဗစ်ပိုး ကူးစက်ခံရ
2021.07.22

ထိုင်းနိုင်ငံ ကန်ချနဘူရီခရိုင်မှာ ရှိတဲ့ သစ်သီးဖျော်စက်ရုံက ထိုင်းနဲ့ မြန်မာရွှေ့ပြောင်းလုပ်သား ၁ဝဝ ကျော် မှာ ကိုဗစ်ရောဂါပိုး ကူးစက်ခံနေရပါတယ်။
ကန်ချနဘူရီခရိုင် ထမကန်အပိုင်မှာရှိတဲ့ Vita Food Factory သစ်သီးဖျော်ရည်စက်ရုံက အလုပ်သမား ၄၀၀ ကို ဇူလိုင်လ ၂၁ ရက်နေ့က ကိုဗစ်ရောဂါ စစ်ဆေးတဲ့အခါ ၁၄၀ ဦးကျော်မှာ ပိုးတွေ့ခဲ့တာ ဖြစ်တယ်လို့ ထိုင်းတောင်ပိုင်း အခြေစိုက် ပညာရေးနဲ့ ဖွံ့ဖြိုးရေးဖောင်ဒေးရှင် (FED) က အလုပ်သမားရေးတာဝန်ခံ ဦးမင်းဦးက ပြောပါတယ်။
“ထိုင်းလိုခေါ်တာ vita ပေါ့ဗျာ။ အဲဒီသီးသီးဖျော်ရည် ထုတ်လုပ်တဲ့စက်ရုံ နာမည်ကြီးပဲလေ။ သူတို့ကို စစ်ကြည့်တဲ့အချိန်မှာ အဲဒီအုပ်စုလိုက်ကူးစက်တာကို တွေ့တယ်။ အဲဒီမှာ အလုပ်သမားက များတယ်။ အလုပ်သမား သုံးထောင်ကျော်ရှိတယ်။ မြန်မာက အများစု၊ သူတို့ကို ပထမဦးဆုံးတတုတ်သူတို့ကို စစ်တာ အယောက် လေးရာစစ်တာ အဲဒါ ရောဂါတွေ့တာ။ ရောဂါလက္ခဏာမပြဘဲနဲ့ ဖြစ်နေတာပေါ့ဗျာ။ လောလောဆယ်တော့ သူတို့ကို ဆေးရုံက ကတင် သုံးရာကျော်ဆန့်တဲ့ နေရာကို သူတို့ကို ပို့ထားပြီးတော့ ကုသစောင့်ကြည့်နေတယ်”
Vita သစ်သီးဖျော်ရည်စက်ရုံမှာ အလုပ်သမား ၃ဝဝဝ လောက် အလုပ်လုပ်ကိုင်နေပြီး မြန်မာရွှေ့ပြောင်းအလုပ်သမား အများဆုံး ဖြစ်တယ်။ မြန်မာအလုပ်သမားတွေနဲ့ ဆက်စပ်တဲ့ မိသားစုတွေကိုလည်း ကူးစက်နိုင်လို့ စစ်ဆေးဖို့ လိုနေပြီလို့ ဦးမင်းဦးက ပြောပါတယ်။ ဒီကူးစက်မှုဟာ ကန်ချနဘူရီခရိုင်မှာ အကြီးဆုံး ကူးစက်မှု ဖြစ်တယ်လို့ ဆိုပါတယ်။
ဘန်ကောက်ပု့ိစ်အွန်လိုင်းသတင်းမှာလည်း ထိုင်းနဲ့ မြန်မာအလုပ်သမား သုံးထောင်လောက်ရှိပြီး ၄ဝဝ ကို ကိုဗစ်ရောဂါ စစ်ဆေးတဲ့အခါ ၁၄၁ ဦးမှာ ရောဂါကူးစက် ခံရတယ်လို့ ထမကန်အပိုင်က ဆေးရုံ ညွှန်ကြားရေးမှူး ဒေါက်တာ Itthipoll Charas-Olarn က ဇူလိုင်လ ၂၂ ရက်နေ့က ပြောကြားခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ထိုင်းနိုင်ငံမှာ ဇူလိုင်လ ၂၂ ရက်နေ့က ကိုဗစ်လူနာသစ် ၁၃၆၅၅ ဦး၊ သေဆုံးသူ ၈၇ ဦးရှိပါတယ်။