ထိုင်းနိုင်ငံ မဲဆောက်ရောက် မြန်မာရွှေ့ပြောင်းလုပ်သားတွေ ကိုဗစ်ကာကွယ်ဆေးထိုး

စက်တင်ဘာလ ၈ ရက်နေ့က ထိုင်း- မြန်မာနယ်စပ် တာ့ခ်ခရိုင် မဲဆောက်မြို့နယ်မှာ မြန်မာရွှေ့ပြောင်းအလုပ်သမားများ ကိုဗစ်ကာကွယ်ဆေးထိုးနှံရန် စောင့်ဆိုင်းနေကြစဉ်။
စက်တင်ဘာလ ၈ ရက်နေ့က ထိုင်း- မြန်မာနယ်စပ် တာ့ခ်ခရိုင် မဲဆောက်မြို့နယ်မှာ မြန်မာရွှေ့ပြောင်းအလုပ်သမားများ ကိုဗစ်ကာကွယ်ဆေးထိုးနှံရန် စောင့်ဆိုင်းနေကြစဉ်။ (Photo: JACAB)

ထိုင်း- မြန်မာနယ်စပ် တာ့ခ်ခရိုင် မဲဆောက်မြို့နယ်မှာ အလုပ်လုပ်ကိုင်နေတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေ အပါအဝင် လူ ငါးထောင်လောက်ကို ခုရက်ပိုင်းအတွင်း ဒုတိယအကြိမ်အဖြစ် တရုတ်နိုင်ငံထုတ် Sinopharm ကိုဗစ်ကာကွယ်ဆေးတွေ ထိုးပေးနေပါတယ်။

မယ်တော်ဆေးခန်းနဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေ အများအပြား နေထိုင်တဲ့ ရပ်ကွက်တွေမှာ ဒီလ ၆ ရက်က ၉ ရက်နေ့ထိ အသက် ၅၀ ကျော်တွေနဲ့ ကိုယ်ဝန်ဆောင်တွေကို ထိုးပေးတယ်လို့ မဲဆောက်မြို့က ရောင်ခြည်ဦး အလုပ်သမားအဖွဲ့ ရုံးတာဝန်ခံ ဦးမိုးကျော်က ပြောပါတယ်။

“ထုံတောင်းရပ်ကွက်မှာတော့ အသက် ၆၀၊အသက် ၅၀ အထက်လူတွေကို ထိုးပေးနေတယ်။ ၇ ရက်နေ့မှာ အစ္စလာမ်ရပ်ကွက်မှာလည်း လူ ၁၀၀ ထိုးပေးတယ်။ မယ်တော်ဆေးခန်းမှာလည်း ၁၀၀ လောက်ရှိတယ်။ ဒီနေ့ စက်တင်ဘာ ၈ ရက်မှာ မဒီနာအစု ၇၀ လောက်ရှိတယ်။ အားလုံး ပေါင်းရင် သူတို့ ကြေညာထားတာက ငါးထောင် ရှိတယ်ပေါ့နော်။ ထိုးပေးတာရှိတယ်၊ သူတို့ သတ်မှတ်ထားတဲ့ ငါးထောင်ကို ထိုးပေးမယ့် အစီအစဉ် ၉ ရက်နေ့ထိ ရှိတယ်ဆိုပြီး ကြေညာထားတယ်လို့ သိရပါတယ်”

မဲဆောက်မြို့မှာ ဇွန်လကုန်ပိုင်းကစပြီး ကိုဗစ်တတိယလှိုင်း ဖြစ်ပွားချိန်မှာ ထိုင်းကျန်းမာရေးဌာနနဲ့ ပုဂ္ဂလိကအစုအဖွဲ့တွေ၊ ထိုင်းတော်ဝင်မိသားစုတွေက ဆေးဝါးနဲ့ ကာကွယ်ဆေးတွေ ထောက်ပံ့ပါတယ်။ အဲဒီကာကွယ်ဆေးတွေ ထိုးပေးတာလို့ ဦးမိုးကျော်က ပြောပါတယ်။

“ဒီတတိယလှိုင်းအပေါ်မှာ ဂရုပြုမှု ရှိလာ၊ ကာကွယ်ဖို့ ဆေးတွေထိုးပေးတဲ့အပေါ်မှာ ကျတော်တို့အနေနဲ့ အထူးဝမ်းသာတယ်။ ဘာကြောင့်လဲ ကပ်ကာလဖြစ်တဲ့အခါမှာ ခွဲခြားမှု မရှိဘဲ ရွေ့ပြောင်းလုပ်သားတွေပါ ပါဝင်ပြီးထိုးခွင့်ရတဲ့အတွက် အထူးပဲကျေးဇူးတင်တယ်။ အနှစ်ချုပ်ပြောရမယ်ဆိုရင် ကပ်ကာလမှာ တတိယလှိုင်းမှာ အခုလို ကာကွယ်ဆေးတွေ ထိုင်းနိုင်ငံမှာ ပါဝင်ထိုးခွင့်ရတဲ့အပေါ်မှာ ကျနော်တို့ အထူးကျေနပ်တယ်။ ဝမ်းသာတယ်”

ကိုဗစ်တတိယလှိုင်းအတွင်း မဲဆောက်မြို့ရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားတွေ အများဆုံး ကူးစက်ခံရပြီး ၂၀ ထက်မနည်း သေဆုံးခဲ့ပေမဲ့ အခုနောက်ပိုင်း ကူးစက်ခံရနှုန်း လျော့လာပါတယ်။

မြန်မာရွှေ့ပြောင်းအလုပ်သမားတွေ အပါအဝင် လူ ၅၀၀၀ လောက်ကို Robinson ကုန်တိုက်မှာ သြဂုတ်က ပထမအသုတ်အဖြစ် ကာကွယ်ဆေးထိုးပေးခဲ့ပြီး အခုဒုတိယအကြိမ် ထိုးပေးတာလို့ မဲဆောက်မြို့ မြန်မာပြည်သားများအရေးပူးတွဲလှုပ်ရှားမှု ကော်မတီဥက္ကဋ္ဌ ဦးမိုးကြိုးကလည်း ပြောပါတယ်။

“အဲဒီလူ ငါးထောင်ကို ကာကွယ်ဆေးထိုးပေးတာ သြဂုတ်လ ၁၇၊ ၁၈၊ ၁၉ မှာ မဲဆောက်မြို့ ရောဘင်စင်မှာ၊ ပြီးတော့ နောက် တနေရာမှာ ၂ ရက်ထိုးတယ်။ ထိုးပြီးသွားတော့ ပထမထိုးတဲ့လူတွေကို ပြန်ခေါ်ပြီးထိုးတယ်။ ကိုဗစ်ကိုးစက်မှုများတဲ့ မဲဆောက်ပတ်ဝန်းကျင်မှာရှိတဲ့ ဈေးဆိုင်တွေ၊ စားသောက်ဆိုင်တွေ၊ ကုန်ပွဲရုံတွေမှာလုပ်တဲ့ အထွေထွေ ကုန်တင်ကုန်ချလုပ်သားတွေကို ထိုးပေးတာ။ တရုတ်ဆေးပဲ၊ စီနိုဖန်”

အနီရင့်ရောင် သတ်မှတ်ထားတဲ့ ခရိုင် ၂၉ ခုမှာ မဲဆောက်လည်း ပါဝင်ခဲ့ပေမယ့် အခုတော့ ကိုဗစ်ကူးစက်မှုတွေ လျော့နည်းလာပြီ ဖြစ်ပါတယ်။ ထိုင်းနိုင်ငံမှာ စက်တင်ဘာလ ၈ ရက်နေ့ထိ ကိုဗစ်အတည်ပြုလူနာသစ် ၁၄၁၇၆ ဦး ရှိပြီး သေဆုံးသူ ၂၂၈ ဦးရှိပါတယ်။