ကရင်ပြည်နယ် မြဝတီမြို့က မြန်မာ-ထိုင်းနယ်စပ်မှာရှိတဲ့ ချစ်ကြည်ရေး တံတားကို ဖောက်ခွဲမယ်ဆိုပြီး လူမှုကွန်ရက် မှာ ပျံ့နှံ့နေတာကြောင့် မနေ့ကစပြီး တံတားမှာ လုံခြုံရေး တိုးမြှင့်ချထားတယ်လို့ မြဝတီခရိုင် ရဲတပ်ဖွဲ့မှူးက ဒီနေ့ ပြောပါတယ်။
မြဝတီဟစ်တိုင် ဆိုတဲ့ ဖေ့စ်ဘွတ်ဂရု တစ်ခုထဲမှာ ချစ်ကြည်ရေးတံတားမှာ ဗုံးခွဲမယ်ဆိုပြီး ရေးသားထားတာကြောင့် ပြည်သူတွေ အထိတ်တလန့်မဖြစ်အောင် လုံခြုံရေး တိုးမြှင့်ချထားတယ်လို့ မြဝတီခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူး အောင်နိုင်ထွန်း က ပြောပါတယ်။
"မြဝတီဟစ်တိုင် ဆိုတဲ့ လူမှုကွန်ရက်ဂရုမှာ Kyaw Lin Oo ဆိုတဲ့ အကောင့်တုနဲ့ ချစ်ကြည်ရေးတံတားမှာ ဗုံးခွဲမယ် သတင်းရတယ် မင်းတို့ မသွားကြနဲ့ ပရမ်းပတာလျှောက်တင်တာပေါ့၊ ကျနော်တို့ကလည်း ဘာပဲပြောပြော အဲလိုတင်ထားတာတွေက ပြည်သူလူထုကဖတ်မိရင် အထိတ်တလန့်ဖြစ်မှာစိုးလို့ ကျနော်တို့က လုံခြုံရေးကိုတိုးချလိုက်တယ်၊ တံတားအပေါ်ရော အောက်ရောပေါ့နော်"
မြဝတီဟစ်တိုင် ဂရု ဖေ့စ်ဘွတ် စာမျက်နှာမှာ Kyaw Lin Oo ဆိုတဲ့ အကောင့်နဲ့ ချစ်ကြည်ရေး တံတားမှာ ဖောက်ခွဲရေး အဖျက်လုပ်ငန်းတွေ လုပ်ခံရမယ်လို့ သတင်းရတယ်ဆိုပြီး ရေးသားထားတာဖြစ်ပါတယ်။ ချစ်ကြည်ရေး တံတားနဲ့ တံတား ပတ်ဝန်းကျင်၊ မြဝတီမြို့ အဝင်အထွက်တွေမှာ တားဆီးစစ်ဆေးတာတွေ ပြုလုပ်နေတယ်လို့ ရဲမှူးက ပြောပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းက မြဝတီ-ကော့ကရိတ်လမ်းမှာ တပ်မတော်၊ နယ်ခြားစောင့်တပ်နဲ့ ရဲတပ်ဖွဲ့တွေပါဝင်တဲ့ ပူးပေါင်းအဖွဲ့က လုံခြုံရေး ကြပ်မတ်ဆောင်ရွက်ရာမှာ လူတစ်ဦးနဲ့ သေနတ်၂လက် ဖမ်းဆီးရမိခဲ့ပါတယ်။
လွန်ခဲ့တဲ့ ၈ နှစ်ခန့်က မြဝတီမြို့ အမှတ် ၁ ရပ်ကွက် ချစ်ကြည်ရေး တံတား ပတ်လမ်းမှာရှိတဲ့ လက်ဖက်ရည်ဆိုင် တစ်ဆိုင်ရှေ့မှာ ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့ပြီး လူ ၃ ဦး သေဆုံးခဲ့ဖူးကြောင်း သိရပါတယ်။