မြဝတီ-မဲဆောက် အမှတ်(၁) ချစ်ကြည်ရေးတံတား ပြန်ဖွင့်တော့မည်
2023.01.10

သုံးနှစ်ကြာပိတ်ထားခဲ့တဲ့ ထိုင်းမြန်မာနယ်စပ် မြဝတီ-မဲဆောက် အမှတ်(၁) ချစ်ကြည်ရေးတံတားကို ဇန်နဝါရီလ ၁၂ ရက်နေ့မှာ ဖွင့်လှစ်မှာ ဖြစ်ကြောင်း မဲဆောက်မြို့နယ်အုပ်ချုပ်ရေးမှူးရုံးက ထုတ်ပြန်ပါတယ်။
ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ၂ဝ၂ဝ ခုနှစ် မတ်လ ၂၃ ရက်နေ့ကစပြီး ပိတ်ထားတဲ့ အမှတ် (၁) ချစ်ကြည်ရေးတံတားကို ပြန်လည်ဖွင့်လှစ်ဖို့ တာ့ခ်ခရိုင်မှူးအပါအဝင် ဌာနဆိုင်ရာတာဝန်ရှိသူတွေ ဇန်နဝါရီလ ၆ ရက်နေ့က စည်းဝေးဆုံးဖြတ်ခဲ့ကြပြီး ဇန်နဝါရီလ ၉ ရက်နေ့က ထုတ်ပြန်ခဲ့တာပါ။
ဇန်နဝါရီလ ၁၂ ရက်နေ့ မနက် ၉ နာရီမှာ တံတားဖွင့်ပွဲ ကျင်းပမှာဖြစ်လို့ သက်ဆိုင်ရာတာဝန်ရှိသူတွေ လာရောက်ကြဖို့လည်း ညွှန်ကြား ထားပါတယ်။
မဲဆောက်မြို့အခြေစိုက် မြန်မာပြည်သားများအရေးပူးတွဲလှုပ်ရှားမှုကော်မတီ (JACBA)ဥက္ကဋ္ဌ ဦးမိုးကြိုးက .....
“မြို့နယ်အုပ်ချုပ်ရေးမှူး မြို့တော်ဝန်လည်း ဖြစ်တယ်။ သူကနေ ၁၂ ရက်နေ့ ဖွင့်မယ်ပေါ့။ နှစ်နိုင်ငံကူးသန်းရောင်းဝယ်ရေး စီးပွားရေးလုပ်ငန်းများ အဆင်ပြေရန် ဒါပါပဲ။ အကြိမ်ကြိမ်ညှိနှိုင်းပြီးတော့ ဒီအမိန့်ကို ထုတ်ပြန်ကြေညာလိုက်တယ်"
အမှတ် (၁) ချစ်ကြည်ရေးတံတား ပြန်ဖွင့်တော့မှာဖြစ်တာကြောင့် ထိုင်းဘက်ခြမ်းမှာ လုံခြုံရေး၊ အလုပ်သမားရေးရာ၊ လူမှုဖူလုံရေးရာ၊ ကုန်သွယ်ရေးရာ၊ အုပ်ချုပ်ရေး၊ လဝက၊ အကောက်ခွန်၊ စည်ပင် စတဲ့ ဌာနဆိုင်ရာတွေကလည်း လုပ်ငန်းတွေ ကြိုတင်ပြင်ဆင်နေတယ်လို့ ဦးမိုးကြိုးက ပြောပါတယ်။
ကိုဗစ်တတိယလှိုင်းပြီးနောက်ပိုင်း ဒီတံတားကို ပြန်ဖွင့်လှစ်နိုင်ဖို့ ထိုင်းဘက်က ပြင်ဆင်မှုတွေ အကြိမ်ကြိမ်လုပ်ခဲ့ပါတယ်။
ပြီးခဲ့တဲ့နှစ် မေလ ၃ ရက်နေ့မှာ ဒီတံတားကို ပြန်ပြီးဖွင့်လှစ်ဖို့ ထိုင်းအစိုးရက မေလ ၁ ရက်နေ့က ပြင်ဆင်မှုတွေ လုပ်ခဲ့သလို မြန်မာဘက်ခြမ်းကလည်း စစ်ကောင်စီဝန်ထမ်းတွေက တံတားဖွင့်နိုင်ဖို့ သန့်ရှင်းရေးတွေ လုပ်ခဲ့ကြပါတယ်။