ထိုင်းနိုင်ငံမှာ MOU အလုပ်သမား သုံးဆယ်ခန့် စာချုပ်ပါအတိုင်း အလုပ်မရလို့ အခက်အခဲဖြစ်
ထိုင်းနိုင်ငံကို နှစ်နိုင်ငံ သဘောတူညီမှု အလုပ်အကိုင်စာချုပ် (MOU) စနစ်နဲ့ ရောက်လာတဲ့ မြန်မာအလုပ်သမား ၃၃ ဦးဟာ စာချုပ်မှာပါတဲ့ အလုပ် မလုပ်ရတာကြောင့် အခက်အခဲဖြစ်နေပါတယ်။
-
RFA Burmese
2024-10-07 -
-
-
ထိုင်းနိုင်ငံကို နှစ်နိုင်ငံ သဘောတူညီမှု အလုပ်အကိုင်စာချုပ် (MOU) စနစ်နဲ့ ရောက်လာတဲ့ မြန်မာအလုပ်သမား ၃၃ ဦးဟာ စာချုပ်မှာပါတဲ့ အလုပ် မလုပ်ရတာကြောင့် အခက်အခဲဖြစ်နေတယ်လို့ အလုပ်သမားအရေး ကူညီပေးနေသူတွေက အောက်တိုဘာလ ၇ ရက် ဒီနေ့မှာ RFA ကို ပြောပါတယ်။
မြန်မာအလုပ်သမားတွေဟာ မဲဆောက်မြို့က မိုလောင်းစက်ရုံမှာ အလုပ် လုပ်ကိုင်ဖို့ စာချုပ်ထားပေမဲ့ ထိုင်းနိုင်ငံရောက်တဲ့အခါ ဘန်ကောက်မြို့က ဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခုမှာ လုပ်ကိုင်ဖို့ ပို့ဆောင်ခံ ခဲ့ရတာလို့ Myanmar Humanitarian Action Centre (MHAC) မဟာမိတ်အဖွဲ့ရဲ့ ဦးဆောင်သူ ကိုရဲမင်းက ပြောပါတယ်။
“သတ်မှတ်ထားတဲ့ စာချုပ်ပါစည်းကမ်းအရ စက်ရုံကိုလည်း မပို့ဘူး။ သွားပို့တာကလည်း ဆောက်လုပ်ရေး ပန်းရန်ဆိုက်ကို သွားပို့တယ်။ အဲဒီမှာလည်း အလုပ်မရှိဘူး။ စားစရာ သောက်စရာမရှိ ဒုက္ခတွေရောက်တော့ ကူညီပေးထားရတယ်။ သူတို့က လာလည်း မကြည့်ဘူး။ ဒီအလုပ်သမားတွေကို ပို့ထားတာ တစ်လကျော်ပြီ။ သူတို့သွားလုပ်ရမဲ့ အလုပ်ရုံက မဲဆောက်မှာရှိတယ်။ ဒါပေမဲ့ မဲဆောက်ကို မပို့ဘဲနဲ့ ဘန်ကောက်ကို ခေါ်လာတာ။ အလုပ်မရှိတဲ့စက်ရုံကို ခေါ်လာတယ်ပြောရမယ်”
မြန်မာအလုပ်သမားတွေဟာ မိုလောင်းစက်ရုံမှာ အလုပ်လုပ်နိုင်ဖို့ မြန်မာပြည်ဘက်က ပြည်ပအလုပ်အကိုင် အေဂျင်စီတစ်ခုဖြစ်တဲ့ ငွေပြည်ကြီး ကုမ္ပဏီထံမှာ တစ်ဦးကို ၀န်ဆောင်ခ သိန်းခြောက်ဆယ်ကျော်ပေးပြီး စာချုပ် ချုပ်ဆိုခဲ့ရတယ်လို့ သူက ဆိုပါတယ်။
စာချုပ်ချုပ်ဆိုပြီးနောက် စက်တင်ဘာလ ၅ ရက်နေ့မှာ ကော့သောင်း- ရနောင်းလမ်းကြောင်းနဲ့ ရနောင်းမြို့က တစ်ဆင့် ဘန်ကောက်မြို့ကို ရောက်လာခဲ့ကြတာပါ။
ဘန်ကောက်မြို့ကို ရောက်တဲ့အခါ စာချုပ်ပါ လုပ်ငန်းကို ပို့ဆောင်ပေးတာမရှိလို့ အလုပ်သမားတွေက အေဂျင်စီကို ဆက်သွယ်ပြီး ဖြေရှင်းပေးဖို့ ပြောဆိုခဲ့ပေမဲ့ ငွေပြည်ကြီး အေဂျင်စီဘက်က ဖြေရှင်းပေးတာ မရှိဘူးလို့ ဆိုပါတယ်။
ဒီပြောဆိုမှုတွေနဲ့ ပတ်သက်လို့ ငွေပြည်ကြီး ကုမ္ပဏီကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းလက်ခံဖြေဆိုတာ မရှိသေးပါဘူး။
သက်ဆိုင်ရာ အေဂျင်စီက တာ၀န်ယူဖြေရှင်းမှု မရှိရင် ထိုင်းနိုင်ငံရဲ့ ဥပဒေအတိုင်း ထိုင်းနိုင်ငံဘက်က အေဂျင်စီကို တရားစွဲဆို ဖိအားပေးဖို့ လုပ်ဆောင်သွားမယ်လို့ အလုပ်သမားအရေး ကူညီနေသူတွေက ပြောပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၃ ရက်နေ့ကလည်း ထိုင်းနိုင်ငံ ချွန်ပူရီခရိုင် စီရတ်ချာမြို့မှာ MOU စနစ်နဲ့ ရောက်လာတဲ့ မြန်မာအလုပ်သမား ၂၇၃ ဦးဟာ စာချုပ်မှာပါတဲ့ အလုပ်မလုပ်ရတာကြောင့် အလုပ်လက်မဲ့ ဖြစ်နေကြရပါတယ်။
၂၀၂၃ ခုနှစ်နောက်ပိုင်းက စပြီး ထိုင်းနိုင်ငံမှာ MOU စနစ်နဲ့ အလုပ်လုပ်ကိုင်ဖို့ ထွက်လာကြသူတွေဟာ ဒီလိုဖြစ်စဥ်တွေနဲ့ မကြာခဏ ကြုံနေရတယ်လို့ ထိုင်းရောက် မြန်မာအလုပ်သမားအရေး လှုပ်ရှားသူတွေက ပြောပါတယ်။