တရားမဝင်နယ်စပ်ဖြတ်ကျော်လာတဲ့ မြန်မာ ခုနစ်ယောက် ရနောင်းခရိုင်မှာ အဖမ်းခံရ

RFA Burmese
2023.11.30
တရားမဝင်နယ်စပ်ဖြတ်ကျော်လာတဲ့ မြန်မာ ခုနစ်ယောက် ရနောင်းခရိုင်မှာ အဖမ်းခံရ ၂၀၂၃ နိုဝင်ဘာလ ၂၉ ရက်နေ့က ထိုင်းနိုင်ငံ ရနောင်းခရိုင်၊ စုခ်စာမ်ရာမြို့မှာ ဖမ်းဆီးခံခဲ့ရသည့် မြန်မာရွှေ့ပြောင်းအလုပ်သမားများအား တွေ့ရစဉ်။
အမှတ် ၂၅ ထိုင်းတော်ဝင်ခြေလျင်တပ်ဖွဲ့

ထိုင်းနိုင်ငံ၊ ရနောင်းခရိုင်၊ စုခ်စာမ်ရာမြို့မှာ တရားမဝင်နယ်စပ်ဖြတ်ကျော်လာကြတဲ့ မြန်မာရွှေ့ပြောင်း အလုပ်သမား ခုနစ်ယောက်ကို နိုဝင်ဘာလ ၂၉ ရက်နေ့က ထိုင်းအာဏာပိုင်တွေ ဖမ်းဆီးလိုက်ပါတယ်။

နိုဝင်ဘာလ ၂၉ ရက် ညနေ ၆ နာရီလောက်က ရနောင်းခရိုင်၊ စုခ်စာမ်ရာမြို့၊ နာခါကျေးရွာအုပ်စု ၂ မှာ မြန်မာရွှေ့ပြောင်းအလုပ်သမား ခုနစ်ယောက်လိုက်ပါလာတဲ့ ကားတစ်စီးကို ထိုင်းစစ်တပ်နဲ့ ရဲတပ်ဖွဲ့ဝင်တို့က ကင်းလှည့်ရင်း ဖမ်းဆီးခဲ့တာလို့ အမှတ် ၂၅ ထိုင်းတော်ဝင်ခြေလျင်တပ်ဖွဲ့က သတင်း ထုတ်ပြန်ပါတယ်။ ဖမ်းဆီးခံရသူတွေဟာ အမျိုးသမီး ခြောက်ယောက်နဲ့ အမျိုးသား တစ်ယောက်ဖြစ်ပါတယ်။

အဖမ်းခံလိုက်ရတဲ့ မြန်မာ ခုနစ်ယောက်ကို ပို့ဆောင်ခအဖြစ် တစ်ယောက်ကို ထိုင်းငွေ ဘတ် တစ်ထောင်နဲ့ ခေါ်ဆောင်လာခဲ့ပြီး သူတို့သွားလိုတဲ့နေရာရောက်မှ ပိုက်ဆံရမှာဖြစ်တယ်လို့ ထိုင်းနိုင်ငံသား ယာဉ်မောင်းက ထွက်ဆိုထားပါတယ်။

မြန်မာ ခုနစ်ယောက်နဲ့ ထိုင်းနိုင်ငံသား ယာဉ်မောင်းတို့ကို စုခ်စာမ်ရာရဲစခန်းကို ပို့ဆောင်လိုက်တယ်လို့ အမှတ် ၂၅ ထိုင်းတော်ဝင်ခြေလျင်တပ်ဖွဲ့ရဲ့ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

မြန်မာအလုပ်သမားတွေဟာ ပြည်တွင်းနိုင်ငံရေးမကောင်းတာကြောင့် ကုန်ကျစရိတ်သက်သာတဲ့နည်းလမ်းနဲ့ ထိုင်းနိုင်ငံကို ထွက်လာကြတာများတယ်လို့ မြန်မာရွှေ့ပြောင်းအလုပ်သမားအရေး ကူညီဆောင်ရွက်ပေးနေတဲ့ ကိုစောမောင် က ပြောပါတယ်။

"ပြည်တွင်းမှာအလုပ်ရှားတယ်၊ တိုင်းပြည်မတည်မငြိမ်နဲ့ဆိုတော့ အလုပ်ရပြီး ဝင်ငွေရမှဖြစ်မယ့်သူတွေက ပွဲစားတွေရဲ့စကား ယုံပြီး ရောက်လာရာကနေ အဖမ်းခံရတာပေါ့၊ တရားဝင်လာဖို့ကျတော့ အချိန်ပေးရမယ်၊ ငွေကုန်ကြေးကျလည်းရှိလို့ အလွယ်နည်းနဲ့ပဲ ရောက်လာကြတာများတယ်။’’

ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၇ ရက်ကနေ ၂၄ ရက်အထိ ထိုင်းနိုင်ငံထဲက မဲဆောက်၊ ကန်ချနာဘူရီခရိုင်၊ ရနောင်းခရိုင်နဲ့ နွမ်ထဘူရီခရိုင်တို့မှာ ရှစ်ရက်အတွင်း တရားမဝင် မြန်မာရွှေ့ပြောင်းအလုပ်သမား ၁၉၉ ယောက် အဖမ်းခံခဲ့ရတယ်လို့လည်း အလုပ်သမားအရေး ကူညီဆောင်ရွက်ပေးနေသူတွေက ပြောပါတယ်။

၂၀၂၃ ခုနှစ် ၁၁ လတာကာလအတွင်း ထိုင်းနိုင်ငံကို တရားမဝင်ရောက်လာကြတဲ့ မြန်မာရွှေ့ပြောင်း အလုပ်သမား နှစ်သောင်းနီးပါး အဖမ်းခံလိုက်ရတယ်လို့ ထိုင်းသတင်းမီဒီယာတွေမှာ ဖော်ပြထားတဲ့စာရင်းတွေအရ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။