ထိုင်းသံအမတ်သတ်ဖြတ်ခံရမှုနဲ့ မြန်မာလူငယ်တစ်ဦးကိုရှာဖွေ

ထိုင်းနိုင်ငံ Chatuchak ခရိုင်ရှိ အသတ်ခံခဲ့ရသော သံအမတ်ဟောင်း၏ အိမ်ကို ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၈ ရက်နေ့က ကယ်ဆယ်ရေးသမားများနှင့် မှုခင်းဆေးပညာရဲများ စစ်ဆေးနေကြစဉ်။
ထိုင်းနိုင်ငံ Chatuchak ခရိုင်ရှိ အသတ်ခံခဲ့ရသော သံအမတ်ဟောင်း၏ အိမ်ကို ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၈ ရက်နေ့က ကယ်ဆယ်ရေးသမားများနှင့် မှုခင်းဆေးပညာရဲများ စစ်ဆေးနေကြစဉ်။ (Bangkok Post)

ဒိန်းမတ်နိုင်ငံဆိုင်ရာ ထိုင်းသံအမတ်ကြီးဟောင်း သတ်ဖြတ်ခံရမှုမှာ သံသယရှိသူ မြန်မာလူငယ်တစ်ဦးကို ထိုင်းရဲတပ်ဖွဲ့က လိုက်လံရှာဖွေနေပါတယ်။

သူဟာ အသက် ၁၉ နှစ်အရွယ် စိုင်းမြတ်မိုးဆိုသူဖြစ်တယ်လို့ သတင်းတွေမှာ ဖော်ပြပါတယ်။ အဲဒီလူငယ်ဟာ သံအမတ်ကြီးဟောင်းကို သတ်ဖြတ်ပြီး နောက်တစ်ရက်မှာပဲ နယ်စပ်ကနေတစ်ဆင့် မြန်မာနိုင်ငံထဲကို ထွက်ပြေးသွားပြီလို့ ဘန်ကောက်ပို့စ်သတင်းမှာ အောက်တိုဘာလ ၉ ရက်နေ့က ဖော်ပြပါတယ်။

ဒိန်းမတ်နိုင်ငံဆိုင်ရာ ထိုင်းသံအမတ်ကြီးဟောင်း Vichit Vichitmarn ဟာ ဘန်ကောက်မြို့နေအိမ်မှာ ဓားဒဏ်ရာသုံးချက်နဲ့ စက်တင်ဘာလ ၂၅ ရက်နေ့က သေဆုံးနေတာဖြစ်ပါတယ်။

ထိုင်းရဲတပ်ဖွဲ့ရဲ့ ပြောဆိုချက်အရ သံသယရှိတဲ့ မြန်မာလူငယ်ဟာ အဲဒီသံအမတ်ကြီးရဲ့ နေအိမ်ဆေးသုတ်ဖို့ စက်တင်ဘာလ ၁၉ ရက်နေ့က ရောက်လာတာလို့ သတင်းမှာ ဖော်ပြပါတယ်။

အဲဒီနောက် စက်တင်ဘာ ၂၈ ရက်နေ့မှာ ATM ကဒ်နဲ့ Password (လျှို့ဝှက်နံပါတ်)ပေးဖို့ ဓားထောက် ခြိမ်းခြောက်ပြီးနောက် သံအမတ်ကြီးကို သတ်သွားတယ်လို့ ဆိုပါတယ်။

အခင်းဖြစ်ပြီးနောက် အိမ်မှာရှိတဲ့ ဖုန်းတွေ၊ ကွန်ပျူတာတွေကို ခိုးယူထွက်ပြေးသွားပြီး ATM စက်ကနေလည်း ဘတ်ငွေသိန်းပေါင်းများစွာကိုလည်း ထုတ်သွားတယ်လို့ သတင်းမှာ ဖော်ပြပါတယ်။

အဲဒီမြန်မာလူငယ်ဟာ စက်တင်ဘာ ၂၉ ရက်နေ့ မနက်အစောပိုင်းမှာ ထိုင်းနယ်စပ် မယ်ဆိုင်ဂိတ်ပေါက်ကနေ မြန်မာနိုင်ငံထဲ ထွက်ပြေးသွားတယ်လို့ ထိုင်းရဲတပ်ဖွဲ့က ပြောပါတယ်။