ထိုင်းနိုင်ငံမှာ တစ်ပတ်အတွင်း မြန်မာ ၁၅ဝဝ ကျော် အဖမ်းခံရ
2021.11.23

ထိုင်းနိုင်ငံမှာ ပြီးခဲ့တဲ့တပတ်အတွင်း အဖမ်းခံရတဲ့ မြန်မာနိုင်ငံသား ၁၅၀၀ ကျော် ရှိတယ်လို့ မဲဆောက်မြို့အခြေစိုက် မြန်မာပြည်သားများအရေး ပူးတွဲလှုပ်ရှားမှုကော်မတီ က RFA ကိုပြောပါတယ်။
နိုဝင်ဘာလ ၁၆ ရက်နေ့ကနေ ၂၃ ရက်နေ့ထိ မြန်မာနိုင်ငံသား အနည်းဆုံး ၁၅၀၀ ကျော်ဟာ တရားမဝင်ရောက်လာမှုနဲ့ ဖမ်းဆီးခံနေတယ်လို့ အဖွဲ့ဥက္ကဋ္ဌ ဦးမိုးကြိုးက ပြောပါတယ်။ အဖမ်းခံရတဲ့ သူတွေက အသက် ၁၈ နှစ်ကနေ ၄၀ နှစ်အရွယ် လူလတ်ပိုင်းတွေ အများဆုံးဖြစ်တယ် လို့လည်း သူက ပြောပါတယ်။
နိုဝင်ဘာလ ၂၃ ရက် တစ်ရက်ထဲမှာပဲ မြန်မာနိုင်ငံသားအယောက် ၁၅၀ ကျော် ဖမ်းဆီးခံရပါတယ်။ ချင်းမိုင်ခရိုင် ဖန်မြို့နယ်မှာ အမျိုးသား ၂၃ ဦးနဲ့ အမျိုးသမီး ၂၂ ဦး၊ စုစုပေါင်း ၄၅ ဦးကို လမ်းပြတဦး နဲ့အတူ ထိုင်းရဲက ဖမ်းဆီးလိုက်တာဖြစ်ပါတယ်။ သူတို့ဟာ တရားမဝင် နယ်စပ်ဖြတ်ကျော်ပြီး ဘန်ကောက်မှာ အလုပ်ရဖို့ တစ်ဦးကို ပွဲစားခ ဘတ်ငွေ နှစ်သောင်းကနေ နှစ်သောင်း သုံးထောင်အထိ ပေးခဲ့ရတယ်လို့ နိုဝင်ဘာလ ၂၃ ရက်နေ့ ထုတ် ဘန်ကောက်ပို့စ်သတင်းမှာ ဖော်ပြထားပါတယ်။
ထိုင်းနိုင်ငံ အနောက်တောင်ပိုင်း ကန်ချနဘူရီခရိုင် ဆိုင်ယွတ်မြို့နယ်မှာ ၉၅ ဦး၊ တာ့ခ်ခရိုင် မဲလမတ်မြို့နယ်မှာ ရ ဦးကို ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့တယ်လို့ ဦးမိုးကြိုးက ပြောပါတယ်။
“ထိုင်းနဲ့ မွန်နယ်စပ် ကန်ချနဘူရီပြည်နယ်မှာ ဆိုင်ယွတ်မြို့နယ် ဆန်ခရဘူရီမြို့နယ် သုံးနေရာမှာ ၉၅ ယောက်၊ ချင်းရိုင်ကနေ ချင်းမိုင်ဘက်ကို ကူးလာတာ။ ၄၅ ယောက် အဲဒါဆိုရင် တစ်ရာကျော်ရှိပြီပေါ့။ မဲဆောက်မြို့ မြောက်ဘက် မဲလမတ်ဘက်ကို ဝင်လာတာ ရှိသေးတယ်”
ဖမ်းဆီးခံရသူတွေဟာ ထိုင်းနိုင်ငံ အတွင်းပိုင်းထိသွားဖို့အတွက် အလုပ်အကိုင်ရှာဖွေပေးတဲ့အထိ ပွဲစားကို ဘတ်ငွေ ၁ သောင်းခွဲကနေ ၂ သောင်းခွဲထိ ပေးရတယ်လို့ သူက ပြောပါတယ်။
အလုပ်သမားကူညီစောင့်ရှောက်ရေးမဟာမိတ်အဖွဲ့ (AAC)က အထွေထွေတာဝန်ခံဦးရဲမင်းက မြန်မာနိုင်ငံမှာ စစ်ကောင်စီအုပ်ချုပ်နေလို့ အလုပ်အကိုင် အခွင့်အလမ်းအတွက် ထိုင်းနိုင်ငံထဲ ဝင်လာတဲ့ မြန်မာလူငယ်တွေ လျော့နည်းသွားတာ မရှိဘဲ နေ့စဉ် ထိုင်းရဲတပ်ဖွဲ့ရဲ့ ဖမ်းဆီးမှုကို ဖမ်းဆီးခံနေရတယ်လို့ ပြောပါတယ်။
“ဖမ်းဆီးမှုတွေ နည်းတာတော့ နည်းမသွားဘူး။ တက်တဲ့လူလည်း တက်နေတာပဲ။ ဖမ်းတဲ့လူတွေ လည်း နေ့စဉ် ဖမ်းနေတာဘဲလေ။ ကျနော်တို့ နိုင်ငံထဲမှာ ရှိနေတဲ့ ဖြစ်ပေါ်နေတဲ့ နိုင်ငံရေးအကျပ်အတည်း အကြမ်းဖက်အုပ်စုရဲ့ အောက်မှာလူတွေက လုံးဝ ခက်ခဲ ကြပ်တည်းလာလို့ နီးစပ်ရာ ထိုင်းနိုင်ငံကို ခိုလှုံဖို့ အလုပ်အကိုင်သွားကြာဖို့ တက်လာတဲ့ရည်ရွယ်ချက်က ဒါပဲ”
နိုဝင်ဘာလ ၁ ရက်နေ့ကနေ ၁၅ ရက်နေ့ထိ နယ်စပ်ကနေ အထောက်အထားမဲ့ ဝင်လာတဲ့ နိုင်ငံခြားသား ၇၁၄၁ ယောက် ဖမ်းမိပြီး၊ အဲဒီထဲမှာအများစုက မြန်မာနိုင်ငံသားတွေ ဖြစ်တယ်လို့ ထိုင်းနိုင်ငံကပ်ရောဂါထိန်းချုပ်ရေးအဖွဲ့က နိုဝင်ဘာလ ၁၆ ရက်နေ့က ထုတ်ပြန်ထားပါတယ်။
နယ်စပ်ကနေ တရားမဝင် ဝင်တာ ပိုများလာတဲ့အတွက် တားဆီးနိုင်ဖို့ ကုန်းလမ်း၊ ရေလမ်းတွေမှာ နည်းပညာပိုင်းဆိုင်ရာရော စစ်အင်အား အများအပြားနဲ့ပါ နယ်စပ်ဂိတ်တွေကို တင်းကြပ်ထားဖို့ ထိုင်းဝန်ကြီးချုပ် ပရာယွတ် ချန်အိုချာက နိုဝင်ဘာလ ၂၂ ရက်နေ့က ပြောပါတယ်။ ဒါပေမဲ့ ဖမ်းဆီးခံရသူတွေကို ကျန်းမာရေးကုသပေးပြီး ရက်ပိုင်းအတွင်းမှာ ပြန်ပို့နိုင်တယ်လို့ ဦးမိုးကြိုးက ပြောပါတယ်။
“ထိုင်းဝန်ကြီးချုပ်က မြေပြင်ကရော၊ ဝေဟင်ကရော၊ ပြောမယ်ဆိုရင် လူအင်အားရော ခေတ်မီနည်းပညာအရော အကုန်လုံး အသုံးပြုပြီးတော့ တင်းတင်းကြပ်ကြပ် စောင့်ကြပ်သွားမယ်လို့ ပြောထားပါတယ်။ သို့သော်လည်း ထိုင်းနိုင်ငံ ဘုရင်မင်းမြတ်ရဲ့ မဟာဂရုဏာတော်နဲ့ လူသားချင်း စာနာထောက်ထားမှုတွေ ရှိနေတဲ့အခါကျတော့ များသောအားဖြင့် ကန်ချနဘူရီဘက်ကနေ ဝင်လာတဲ့ လူတော်တော်များများဟာ ဒီရက်အတွင်းပဲ ဆေးကုသမှုခံယူပြီးတော့ မိခင်နိုင်ငံကို ပို့ခံရမှာများပါတယ်”
ကန်ချနဘူရီခရိုင် ဆိုင်ယွတ်မြို့နယ်၊ ပရကျွတ်ခရီခန်ခရိုင်၊ ချင်းရိုင်ခရိုင်တွေမှာ တရားမဝင် ဝင်လာတဲ့ မြန်မာနိုင်ငံသား ၅၆ ဦးကို နိုဝင်ဘာလ ၂၂ ရက်နေ့မှာ ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ပါတယ်။ နိုဝင်ဘာလ ၁၉ ရက်နေ့ကလည်း မြန်မာနိုင်ငံသား ၉၇ ဦး၊ နိုဝင်ဘာလ ၂၀ ရက်နေ့က ၃၁ ဦးတို့ကို ဖမ်းဆီးခဲ့တယ်လို့ ထိုင်းရဲတပ်ဖွဲ့တစ်ခုရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာသတင်းဖော်ပြထားပါတယ်။
သူတို့ဟာ ပဲခူး၊ ထားဝယ်၊ မကွေး၊ ရှမ်းပြည်နယ်တွေကဖြစ်ပြီး ဘန်ကောက်၊ ပထုန်ဌာနီ၊ လတ်ချဘူရီ၊ စမွတ်ဆာခွန်၊ စမွတ်ပရာကန်ခရိုင်တွေကို သွားပြီး အလုပ်လုပ်ကိုင်ကြဖို့ ဖြစ်တယ်လို့ ဆိုပါတယ်။
၂၀၂၁ ခုနှစ် ဇန်နဝါရီလကနေ အောက်တိုဘာလအထိ ဆယ်လအတွင်း တရားမဝင် ဝင်ရောက်မှုနဲ့ ဖမ်းမိတဲ့ နိုင်ငံခြားသား ၃ သောင်းကျော် ရှိတယ်လို့လည်း ထိုင်းအစိုးရက ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီထဲမှာ မြန်မာနဲ့ ကမ္ဘေားဒီးယားနိုင်ငံသားတွေ အများဆုံး ဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။