ထိုင်းက မြန်မာကို ဘတ် ကိုးသန်း လှူဒါန်း

ထိုင်းနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတန်းအတွင်းဝန် Ms Eksiri Pintaruchi (ဝဲမှယာ စတုတ္ထမြောက်) အား ၂၀၂၄ ခုနှစ်၊ သြဂုတ်လ ၁၆ ရက်နေ့က ကျင်းပသည့် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးတွင် တွေ့ရစဉ်။
ထိုင်းနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတန်းအတွင်းဝန် Ms Eksiri Pintaruchi (ဝဲမှယာ စတုတ္ထမြောက်) အား ၂၀၂၄ ခုနှစ်၊ သြဂုတ်လ ၁၆ ရက်နေ့က ကျင်းပသည့် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးတွင် တွေ့ရစဉ်။ (Handout / THAILAND'S MINISTRY OF FOREIGN AFFAIRS / AFP)

Updated 4:51 PM Aug 27, 2024

မြန်မာနိုင်ငံအတွက် လူသားချင်းစာနာထောက်ထားမှု အကူအညီအနေနဲ့ ထိုင်းနိုင်ငံက ဘတ်ငွေ ကိုးသန်း (အမေရိကန်ဒေါ်လာ နှစ်သိန်းခွဲ) ပေးအပ်လှူဒါန်းခဲ့ကြောင်း Bangkok Post သတင်းက ဖော်ပြပါတယ်။

ဒီလှူဒါန်းငွေကို မြန်မာနိုင်ငံ ပဋိပက္ခမှာ လူသားချင်းစာနာထောက်ထားမှု အကူအညီတွေပေးနေတဲ့ အာဆီယံ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးစင်တာ AHA Center ကို ဩဂုတ် ၂၆ ရက်နေ့က ပေးအပ်ခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတန်းအတွင်းဝန် Ms Eksiri Pintaruchi က ပြောပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လက လာအိုနိုင်ငံ ဗီယမ်ကျင်းမှာ ကျင်းပတဲ့ ၅၇ ကြိမ်မြောက် အာဆီယံဝန်ကြီးများအစည်းအဝေးမှာ ထိုင်းနိုင်ငံခြားရေးဝန်ကြီးက မြန်မာနိုင်ငံကို လူသားချင်းစာနာမှုအကူအညီ ထောက်ပံ့ပေးမဲ့အကြောင်း ကတိပြုခဲ့တဲ့အတိုင်း ပေးအပ်တာဖြစ်ပါတယ်။

ထိုင်းနိုင်ငံအနေနဲ့ မြန်မာနိုင်ငံအတွက် ၂၀၂၁ ခုနှစ်က စတင်ပြီး ထိုင်းဘတ်ငွေ ၁၆ သန်းနီးပါး (အမေရိကန်ဒေါ်လာ လေးသိန်းခွဲ) ကူညီထောက်ပံ့ပေးပြီးဖြစ်တယ်လို့ ဆိုပါတယ်။

ရန်ပုံငွေတွေကို ကုလသမဂ္ဂအဖွဲ့အစည်းတွေနဲ့ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ ICRC တို့လို နိုင်ငံတကာအဖွဲ့အစည်းတွေကို ပေးအပ်ခဲ့တယ်လို့ ဆိုပါတယ်။

AHA Center အနေနဲ့ ဒီအလှူငွေတွေနဲ့ သွားလာရခက်ခဲတဲ့ဒေသတွေက ပဋိပက္ခကြောင့် ထိခိုက်ခံစားရသူတွေကို အကူအညီတွေ ပိုပြီးပေးနိုင်မယ်လို့ ထိုင်းအစိုးရက မျှော်လင့်ကြောင်း Ms Eksiri က ပြောပါတယ်။