နစ်နာကြေးပေးဖို့ ငြင်းဆန်တဲ့ အလုပ်ရှင်ကို တရားစွဲဆိုမည်
2018.06.03

ထိုင်းနိုင်ငံ ချာချင်ဆောင်ခရိုင်ထဲက ပိတ်သိမ်းခံလိုက်ရတဲ့ တရုတ်နိုင်ငံသားပိုင် ကွန်ပျုတာဆက်စပ်ပစ္စည်းစက်ရုံဟာ မြန်မာအလုပ်သမားတွေကို နစ်နာကြေးပေးဖို့ ငြင်းဆန်နေတာကြောင့် မနက်ဖြန်မှာ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာ အလုပ်သမားသံအရာရှိက ဦးဆောင်ပြီး တရားစွဲဆိုသွားမှာဖြစ်ပါတယ်။
စက်ရုံပိတ်လိုက်လို့ အလုပ်လက်မဲ့ဖြစ်နေတဲ့ အလုပ်သမားတွေကို အလုပ်အသစ် ပြန်ရှာပေးဖို့ပဲ လုပ်ပေးမယ်ဆိုပြီး နစ်နာကြေးပေးဖို့ ငြင်းဆန်နေတာကြောင့် တရားစွဲဖို့ စီစဉ်တာဖြစ်တယ်လို့ မြန်မာအလုပ်သမားသံအရာရှိ ဦးစန်းမောင်ဦး က ပြောပါတယ်။
"မနေ့ကသွားတဲ့ကိစ္စကတော့ ကိုယ်တို့ တရားစွဲဖို့ စီစဉ်ထားတယ်ပေါ့နော်။ သူက တရုတ်နိုင်ငံသား ပိုင်တာ ပေါ့လေ။ သူတို့က အလုပ်ပြောင်းပေးတယ်ဆိုရင် သူတို့က သူတို့တာဝန်ကျေပြီလို့ အောင့်မေ့တာလေ။ အလုပ်ပြောင်းပေးတာကတော့ သူတို့မလိုဘူး။ တို့လည်း ပြောင်းပေးလို့ရတာပဲလေ။ တို့ဆီမှာလည်း Demand ကရှိတာပဲလေ။ ဒါပေမဲ့ အလုပ်သမားနဲ့ ပတ်သက်တဲ့ နစ်နာတဲ့အခွင့်အရေးတော့ နစ်နာတယ်လို့ ယူဆတဲ့ ဟာကိုတော့ ဥပဒေအတိုင်း ပေးဖို့ လိုတာပေါ့လေနော်။ အဲ့ဒါကို သူတို့က ပေးဖို့အတွက်ကို ငြင်းဆန်တာပေါ့ လေနော်။ ငြင်းဆန်တယ်ဆိုတာက မလိုက်နာချင်ဘူးပေါ့။ ဒီတော့ ထုံးစံအတိုင်းပဲ မြန်မာနိုင်ငံမှာတော့ ခုံသမာဓိရုံးပေါ့။ အဲ့ဒါမျိုးရုံးကို တင်ရမှာပေါ့လေ"
အဲဒီစက်ရုံမှာ မြန်မာအလုပ်သမား ၇၀၀ နီးပါးရှိပြီး အဲဒီထဲမှာ MOU အလုပ်သမား ၄၀၀ လောက် ပါဝင်တယ်လို့ သိရပါတယ်။ အဲဒီစက်ရုံဟာ သတ်မှတ်ထားတဲ့အတိုင်းအတာထက် ကျော်လွန်ပြီး ဓာတုပစ္စည်းတွေ စွန့်ပစ်တာ ကြောင့် ထိုင်းအစိုးရက ပြီးခဲ့တဲ့ ဇွန်လ ၁ ရက်နေ့ကစပြီး စက်ရုံပိတ်သိမ်းလိုက်တာဖြစ်ပါတယ်။
စက်ရုံပိတ်သိမ်းလိုက်တာကြောင့် အလုပ်လက်မဲ့ဖြစ်နေတဲ့ အဲဒီမြန်မာအလုပ်သမားတွေကို အယုဒ္ဒယ၊ ချွန်ဘူရီ၊ မဟာချိုင်၊ စမွတ်ပရာခန် စတဲ့ နေရာတွေက စက်ရုံ ၇ ရုံမှာ အလုပ်ဝင်နိုင်ဖို့ စီစဉ်ပေးမှာဖြစ်တယ်လို့ ဦးစန်းမောင်ဦးက ပြောပါတယ်။