ထိုင်းသြင်္ကန် မြန်မာတွေ ဆင်နွှဲ


2016.04.13
thai-thingyan-620.jpg ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ သြင်္ကန်ပွဲတော် ဆင်နွှဲနေကြစဉ်
Photo: Aung Moe Myint/RFA

ဒီကနေ့ဟာ မြန်မာနှစ်သစ်ကူးပွဲတော်အစဖြစ်တဲ့ သြင်္ကန်အကျနေဖြစ်ပြီး အတာသြင်္ကန်ဆင်နွဲ နေကြသလို ထိုင်းနိုင်ငံမြောက်ပိုင်းက ချင်းမိုင်မြို့မှာလည်း ချင်းမိုင်မြို့တည်နှစ် ၇၂၀ ပြည့်နှစ် အခမ်းအနားတွေ အပါအဝင် အတာ သြင်္ကန်အကျနေ့ကျင်းပနေပြီး ထိုင်းနိုင်ငံရောက် မြန်မာတွေလည်း ထိုင်းနိုင်ငံသားတွေနဲ့အတူ ပါဝင်ဆင်နွှဲနေ ကြပါတယ်။

ဒီကနေ့မှာပဲ ထိုင်းနိုင်ငံ ချင်းမိုင်မြို့က ဘုန်းကြီးကျောင်းပေါင်း ၄၈ ကျောင်းက ဘုရားတွေ ဒေသစာရီ ကြွချီတဲ့ပွဲလည်း ကျင်းပခဲ့ပြီး ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားတွေအများစု ကိုးကွယ်နေတဲ့ ဝပ်ဆိုင်းမွန်း မြန်မာဘုန်းတော် ကြီးကျောင်းကလည်း မြန်မာနိုင်ငံကိုယ်စား ပါဝင်ခွင့်ရခဲ့ပါတယ်။

ဒီကနေ့နေ့လည် ၂ နာရီကစလို့ ချင်းမိုင်မြို့ နဝရတ်တံတားထိပ်ကနေပြီး ချင်းမိုင်မြို့လယ် ကျုံးအထဲမှာရှိတဲ့ ထိုင်းဘုန်းတော်ကြီးကျောင်းတစ်ကျောင်းဖြစ်တဲ့ ဝပ်ဖရစင်ကို မိမိရိုးရာယဉ်ကျေးမှူ တွေနဲ့အတူ မြန်မာနိုင်ငံ ကိုယ်စားပြုပြီး ပါဝင်ဆင်နွဲခွင့်ရခဲ့တာနဲ့ ပတ်သက်ပြီး ဦးဆောင်သူတစ်ဦးဖြစ်တဲ့ ဒေါ်မီးမီး က RFA ကို အခုလို ပြောဆိုပါတယ်။

"သြင်္ကန်မှာဆိုလို့ရှိရင် နှစ်သစ်မှာ ကိုယ့်ရဲ့ ဘုန်းကြီးကျောင်းမှာပေါ့နော်၊ တန်ခိုးကြီးတဲ့ ဘုရားလေးတွေကို ပင့်ဆောင်ပြီးတော့ ဒီ ပြည်သူပြည်သားတွေ ရေသပ္ပာယ်ပေးတယ်ပေါ့နော်၊ အဲ့ဒါကို မြန်မာတွေကလည်း ပါဝင်ဖို့  အဓိကကတော့ ဒီကိုယ့်ရဲ့ မြန်မာ့ရိုးရာယဉ်ကျေးမှုဟာ ဒီနိုင်ငံကိုလည်း သိစေချင်တာပေါ့နော်၊ ကျမတို့ရဲ့ မြန်မာ့ ရိုးရာယဉ်ကျေးမှု သြင်္ကန်တွေလည်းရှိတယ်၊ နောက်ဒီမှာလည်း စည်စည်ကားကားနဲ့ပဲ မြန်မာတွေလည်း ဘုရားတွေ ရေသပ္ပာယ်လို့ရအောင်နော်၊ နောက် စည်းစည်းလုံးလုံးလေးရှိအောင်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ပေါ့။"

ချင်းမိုင်မြို့မှာ အခုလိုကျင်းပဆင်နွဲနေတာဟာ နှစ်စဉ် နှစ်သစ်ကူးအတာသြင်္ကန် ကျရောက်ချိန်တိုင်း ထိုင်းရိုးရာအက ယဉ်ကျေးမှုတွေနဲ့ ယှဉ်ပြိုင်အလှပြယာဉ်တွေ တူရိယာတွေ တီးမှုတ်ကပြနေကြပေမယ့် မြန်မာနိုင်ငံ ကိုယ်စားပြု ပါဝင်ယှဉ်ပြိုင်ခွင့်ရတာဟာ အခုနှစ်ဟာ လေးကြိမ်မြောက်ဖြစ်တယ်လို့လည်း သိရပါတယ်။

မြန်မာနိုင်ငံသား တစ်ယောက်အနေနဲ့ ချင်းမိုင်မြို့က ဒီသြင်္ကန်မှာ ပျော်ပျော်ရွှင်ရွှင် ပါဝင်ဆင်နွဲခွင့်ရခဲ့တဲ့ ကရင်အမျိုးသား ကိုပန်းစိန် က သူ့ရဲ့ ခံစားချက်ကို အခုလို ပြောဆိုပါတယ်။

"ကျနော်တို့ တိုင်းရင်းသားတွေ ဒီနှစ်ဆိုလို့ရှိရင် အများကြီး လာရောက်ပြီး စုကြတယ်ဗျ နှစ်တိုင်းဆိုလို့ရှိရင်လည်း ဒီကျနော်တို့ကျောင်းမှာ ငန်းရုပ်တွေနဲ့ ဘုရားတွေ ပင့်သွားပြီးတော့ ကျနော်တို့ ရိုးရာအကနဲ့ အလှမယ်လေးတွေနဲ့ အများကြီးပဲဗျ၊ ကျနော်တို့ ဒီနှစ် ပျော်ပျော်ရွှင်ရွှင်နဲ့ မြို့ပတ်ရမယ်ဆိုတော့ကာ ကျနော့်အနေနဲ့ဆို တော်တော်လေး ပီတိဖြစ်မိတယ်လို့ ပြောရမှာပေါ့၊ ကျနော်ဝင်ရောက်ပြီးတော့ သူငယ်ချင်းတွေနဲ့ တိုင်းရင်းသားတွေနဲ့ အချင်း ချင်းတွေနဲ့ ကြုံရဆုံရဝင်ရောက်ပြီးတော့ ပျော်ရတယ်၊ နောက်တစ်ချက်ကလည်း ကျနော်တို့ ဒီထိုင်းနိုင်ငံသားတွေ ဆိုလို့ရှိရင်လည်း ကျနော်တို့ရဲ့ မြန်မာ့ဓလေ့ မြန်မာ့ထုံးစံ မြန်မာ့ရိုးရာတွေကို မတွေ့ဘူးတော့ သူတို့မှာ ပြုံးပြုံး ရွှင်ရွှင်တွေကို ကျနော်တို့ အများကြီး တွေ့ရတယ်ဗျ၊ ဒါ ကျနော့်အနေနဲ့ဆို အရမ်းကို ပီတိဖြစ်မိတယ်လို့ ကျနော် ပြောချင်တာပေါ့"

ချင်းမိုင်သြင်္ကန်ကတော့ မြန်မာနိုင်ငံက ရန်ကုန် မန္တလေးက သြင်္ကန်တွေလို မဏ္ဍပ်ကြီးတွေ အများကြီးမရှိဘဲ ချင်းမိုင်မြို့ရိုး ကျုံးဘေးတလျှောက်မှာ ထိုင်းနာမည်ကြီး အဆိုတော်တချို့ဖျော်ဖြေကြတဲ့ မဏ္ဍပ်တချို့နဲ့ ကျုံးပတ်ပတ်လည် ရေကစားကြတာ တွေ့ရပါတယ်။

သြင်္ကန်အချိန်ကာလဟာလည်း မြန်မာနိုင်ငံမှာလို ထိုင်းနိုင်ငံမှာလည်း အလုပ်ပိတ်ကြတာကြောင့် ထိုင်းနိုင် ငံရောက် ရွှေ့ပြောင်းမြန်မာနိုင်ငံသား အမြောက်အများဟာလည်း ပျော်ပျော်ရွှင်ရွှင် လွတ်လွတ်လပ်လပ် ပါဝင်ဆင်နွဲနေကြတာ တွေ့ရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။