အကျဉ်းကျ ထိုင်းလူမျိုး (၉၂) ဦး အတွက် ဆေးဝါးပို့ခွင့်ပြု

တနင်္သာရီတိုင်း၊ ကော့သောင်းမြို့၊ ကော့သောင်း အကျဉ်းထောင်မှာ အကျဉ်းကျနေတဲ့ ထိုင်းလူမျိုး (၉၂) ဦး အတွက် လိုအပ်နေတဲ့ ဆေးဝါးတွေ ပို့ပေးဖို့ ထိုင်းအစိုးရက တင်ပြထားတာကို မြန်မာအစိုးရက လိုက်လျော လိုက်တယ်လို့ သိရပါတယ်။

2012.07.31

မြန်မာနိုင်ငံအတွင်း တရားမဝင် ဝင်ရောက်ပြီး စိုက်ပျိုးရေးလုပ်ငန်း လုပ်ဆောင်နေတဲ့ ထိုင်းလူမျိုး (၉၂) ဦးကို ဇူလိုင်လဆန်းက မြန်မာစစ်တပ်က ဖမ်းဆီးခဲ့ပြီးတဲ့နောက် တရားမဝင် ဝင်ရောက်မှုနဲ့ တရားစွဲဆိုပြီး ဇူလိုင်၂၄ ရက်နေ့မှာ ကော့သောင်း တရားရုံးက ထောင်ဒဏ်(၃) နှစ်ခွဲစီ ချမှတ်ခဲ့ပါတယ်။

သူတို့ထဲမှာ ရောဂါရှိသူတချို့ ပါဝင်နေတာကြောင့် လိုအပ်တဲ့ ဆေးဝါး (၅) မျိုး ပေးပို့ခွင့်ပြုဖို့ ထိုင်းအစိုးရရဲ့ မေတ္တာရပ်ခံချက်ကို မြန်မာအစိုးရက လက်ခံခဲ့တာဖြစ်ပြီး လာမယ့်ရက်ပိုင်း အတွင်းမှာ ထိုင်းနိုင်ငံ ရနောင်းမြို့က တဆင့် ပေးပို့သွားမှာ ဖြစ်ကြောင်း ထိုင်း မြန်မာ နယ်ခြားကော်မတီက တရားဝင် ဘာသာပြန်ဖြစ်သူ ဦးထင်လင်းဆွေက ပြောပါတယ်။

"အထဲမှာရှိတဲ့ ဒီ ၉၂ ယောက်မှာ တချို့က ဆီးချိုတို့၊ နှလုံးတို့၊ သွေးတို့လေ၊ အဲဒီ ရောဂါသည်တွေ ရှိတယ်ခင်ဗျ။ အဲဒါကို ရန်ကုန်ကနေ အတွင်းရေးမှူး လာတယ်လေ။ သူတို့ ဝင်တွေ့ပြီးတော့ အဲဒီလိုမျိုး ရောဂါရှင်တွေ ရှိတယ် ဆိုတဲ့အခါကျတော့ အဲဒီမှာ နယ်ခြား ကော်မတီကနေပြီးတော့ ဆေး ၅ မျိုးပေါ့နော်၊ အဲဒါကို ဒီအကျဉ်းထောင်ကို ပို့ခွင့် တောင်းတယ်ခင်ဗျ။ အဲတော့ ကျွန်တော်တို့ မြန်မာဘက်ကလည်း ခွင့်ပြုပါတယ်။ ကျွန်တော်ကိုယ်တိုင်ပါပဲ၊ ကော့သောင်းခရိုင် အုပ်ချုပ်ရေးမှူးတို့နဲ့ ကျွန်တော် ဆက်သွယ်ပြီးတော့ အဲဒီကိစ္စ အကုန်လုံးက ရှောရှောရူရူ လက်ခံပါတယ်"

ထိုင်းအစိုးရရဲ့ ဆေးဝါးပေးပို့ခွင့် တောင်းခံချက်ကို ဇူလိုင်၂၉ ရက်နေ့မှာ မြန်မာ အစိုးရဘက်က လိုက်လျောလိုက်တာဖြစ်ပြီး အရင်က အခုလို ဆေးဝါးပေးပို့ခွင့် မရှိဘူးလို့ သိရပါတယ်။

ထိုင်းလူမျိုး အမျိုးသား (၈၂) ဦးနဲ့ အမျိုးသမီး (၁၀) ဦးတို့ ပါဝင်တဲ့ အဲဒီအုပ်စုဟာ မြေနေရာ ရှင်းလင်းရေးအတွက်ဆိုပြီး ပွဲစားက လှည့်စား ခေါ်ယူစေခိုင်းရာကနေ မြန်မာပိုင်နက်ထဲ ဝင်ရောက် လုပ်ကိုင်မိရာက အဖမ်းခံခဲ့ရပြီး သစ်တောပြုန်းတီးမှု၊ တရားမဝင် ခိုးဝင်မှုတွေနဲ့ အပြစ်ပေးခံရတာလို့ ထိုင်း ရုပ်မြင်သံကြား လိုင်းအမှတ် (၉) က မနေ့က ဖော်ပြခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။