ထိုင်းဝန်ကြီးချုပ် မြန်မာနိုင်ငံခရီးစဉ် မရေရာသေး
2012.08.31
သမ္မတ ဦးသိန်းစိန် ထိုင်းနိုင်ငံကို လာရောက်ခဲ့စဉ်အတွင်း ထားဝယ် စီမံကိန်းနဲ့ ပတ်သက်ပြီး ပူးပေါင်း ဆောင်ရွက်ရေး သဘောတူ စာချုပ်မူကြမ်းကို နှစ်နိုင်ငံခေါင်းဆောင်တွေ လက်မှတ် ရေးထိုးခဲ့ကြပါတယ်။
အဲဒီနောက် အသေးစိတ်ကို အပြီးသတ် ဆွေးနွေးဖို့အတွက် ထိုင်း ဝန်ကြီးချုပ် ယင်လပ် မြန်မာနိုင်ငံကို ထပ်မံ သွားရောက်ဖို့ စီစဉ်ခဲ့တာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့သီတင်းပတ်ကလည်း နှစ်နိုင်ငံ ခေါင်းဆောင်တွေ တွေ့ဆုံရေးနဲ့ ပတ်သက်ပြီး ထိုင်းအစိုးရက အဆင်မြင့် အရာရှိကြီးတွေ ပါဝင်တဲ့ အဖွဲ့တစ်ဖွဲ့ စေလွှတ်ခဲ့ပါတယ်။
ထိုင်း ဝန်ကြီးချုပ်ဟာ စက်တင်ဘာလ အတွင်းမှာ ထားဝယ်ရေနက် ဆိပ်ကမ်းကို သွားရောက်ဖို့ စီစဉ်ထားတာပါ။ မူလက ခရီးစဉ်ကို စက်တင်ဘာ ၁၃ ရက်ကနေ ၁၅ ရက်နေ့အထိ ထိုင်းဘက် အဆိုပြုခဲ့ပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ်ကတော့ ခရီးစဉ်ဟာ စက်တင်ဘာ ၁၉ ရက်ကနေ ၂၁ ရက် အထိ ဖြစ်လိမ့်မယ်လို့ နိုင်ငံခြားရေး ဝန်ကြီး ဆူရာပေါင် သတင်းထောက်တွေကို ပြောဆိုခဲ့ပါတယ်။
ဒါပေမဲ့ အစိုးရုံး သတင်းရပ်ကွက်ကတော့ ဝန်ကြီးချုပ်ရဲ့ ခရီးစဉ်နဲ့ ပတ်သက်ပြီး ထိုင်းအစိုးရဟာ မြန်မာအစိုးရဆီက တုံ့ပြန်ချက်ကို စောင့်ဆိုင်းနေရဆဲ ဖြစ်တဲ့အပြင် ဘယ်အဆင့်မျိုး ဆွေးနွေးမယ် ဆိုတာလည်း မသိရသေးဘူးလို့ ပြောဆိုကြောင်း The Nation သတင်းစာက ဖော်ပြပါတယ်။