ထိုင်းဝန်ကြီးချုပ်ရဲ့ မြန်မာနိုင်ငံ ခရီးမှာ လူ့အခွင့်အရေး ကိစ္စ ပြောဆိုဖို့ တိုက်တွန်း
2011.10.04

AFP
ထိုင်းဝန်ကြီးချုပ် Yingluck Shinawatra ဟာ သူ့ရဲ့ ပထမဆုံး မြန်မာနိုင်ငံ ခရီးအဖြစ် ဒီကနေ့ နေပြည်တော်ကို နေ့ချင်းပြန်ခရီး လာရောက်မှာ ဖြစ်ပါတယ်။ ထိုင်းဝန်ကြီးချုပ်ရဲ့ အလည်အပတ် ခရီးဟာ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ အသွင် ကူးပြောင်းမှုနဲ့ ပြုပြင် ပြောင်းလဲရေးတွေကို အားပေးဖို့ဖြစ်ကြောင်း
ထိုင်းအစိုးရက ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။
Ms. Yingluck ဟာ သမ္မတဦးသိန်းစိန်နဲ့ တွေ့ဆုံမှာဖြစ်ပေမဲ့၊ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၊ ဒါမှမဟုတ် တိုင်းရင်းသား နိုင်ငံရေးပါတီ ခေါင်းဆောင်တွေနဲ့ တွေ့ဆုံဖို့ အစီအစဉ် မရှိဘူးလို့ သိရပါတယ်။
အလားတူ မြန်မာအစိုးရနဲ့တွေ့ဆုံရာမှာလည်း နှစ်နိုင်ငံကြား ရေရှည်
ကိစ္စရပ်တွေဖြစ်တဲ့ ထားဝယ် ရေနက် ဆိပ်ကမ်းကိစ္စ၊ ထိုင်း မြန်မာနယ်စပ်က တစ်သိန်းခွဲလောက် အရေအတွက်ရှိတဲ့ မြန်မာ ဒုက္ခသည်များ ကိစ္စ၊ ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်း အလုပ်သမား နှစ်သန်းလောက်ရဲ့ တရားဝင်နေထိုင် လုပ်ကိုင်ခွင့် ကိစ္စ နဲ့ နယ်စပ် ကုန်သွယ်ရေး ကိစ္စတွေကိုပဲ
ဆွေးနွေးကြမယ်လို့ မျှော်လင့်ကြပါတယ်။
HRW လူ့အခွင့်အရေး စောင့်ကြည့်အဖွဲ့ အာရှရေးရာ လက်ထောက် ညွှန်ကြားရေးမှူး Elaine Pearson က -
ထိုင်းဝန်ကြီးချုပ် အနေနဲ့ မြန်မာနိုင်ငံက ထိုင်းရင်းနှီးမြှုပ်နှံမှုတွေ အပေါ် စိုးရိမ်သလို၊ မြန်မာနိုင်ငံကလူ့အခွင့်အရေး အခြေအနေတွေ အပေါ်လည်း စိုးရိမ်ကြောင်း မြန်မာ ခေါင်းဆောင်တွေကို ရှင်းရှင်းပြောဖို့ သင့်ကြောင်း၊ ဒီလို ပြောဆိုတာဟာ နိုင်ငံရေး အကျဉ်းသား အားလုံး ပြန်လွှတ်ပြီး၊
လူ့အခွင့်အရေး ပြုပြင် ပြောင်းလဲမှုတွေ အတွက် တိကျခိုင်မာတဲ့ အချိန်ဇယား တစ်ရပ် ရှိထားတဲ့ မြန်မာကိုသာ အာဆီယံ ဥက္ကဌ အဖြစ် ထိုင်းနိုင်ငံက ထောက်ခံနိုင်မှာ ဖြစ်တယ်လို့ ဆိုလိုရာ ရောက်မှာ ဖြစ်ကြောင်း ကြေညာချက်မှာ ပြောကြားခဲ့ပါတယ်။