ရိုးသားတဲ့ မြန်မာအမျိုးသမီးဝန်ထမ်းကို ချီးကျူးဂုဏ်ပြု
2018.07.23

ထိုင်းနိုင်ငံက ဟိုတယ်တခုမှာ ခရီးသွားဧည့်သည်တဦး မေ့ကျန်ခဲ့တဲ့ ငွေအမြောက်အများကို ပြန်လည်ပေးအပ် ခဲ့သူ မြန်မာ အမျိုးသမီးဝန်ထမ်းတဦးကို ဂုဏ်ပြုလက်မှတ် ချီးမြှင့်လိုက်ပါတယ်။
ကော့စမွေကျွန်း၊ Ark Bar Beach ဟိုတယ်မှာ လာရောက်တည်းခိုတဲ့ နယ်သာလန်နိုင်ငံသားတဦးဟာ ဟိုတယ် အပြင် လှေကားထစ်တွေပေါ်မှာ ဆေးလိပ်သောက်ပြီး၊ အခန်းကို ပြန်အသွား၊ ထိုင်းဘတ်ငွေ နှစ်သိန်းရှစ်သောင်း နဲ့ညီတဲ့ သြစတြေးလျဒေါ်လာ တသောင်းတထောင်ပါ ပလပ်စတစ်ဘူးကို လှေကားထစ်တွေပေါ် မေ့ကျန် ခဲ့တာဖြစ်ပါတယ်။
အဲဒီဘူးကို မဆွေလဲ့မော် အမည်ရှိ မြန်မာသန့်ရှင်းရေးဝန်ထမ်းက တွေ့ရှိခဲ့ပြီး၊ ဟိုတယ်ဧည့်ကြိုဌာနကို သွားရောက် အပ်နှံခဲ့ပါတယ်။
ဘူးထဲမှာ ငွေအပျောက်အရှ မရှိတဲ့အတွက် နယ်သာလန်ဧည့်သည်က မဆွေလဲ့မော် ကို အမေရိကန်ဒေါ်လာတရာ ချီးမြှင့်ခဲ့ပြီး၊ ဟိုတယ်ကလည်း ဂုဏ်ပြုလက်မှတ် ချီးမြှင့်ပါတယ်။
ကော့စမွေ အုပ်ချုပ်ရေးမှူးကလည်း မြန်မာ အမျိုးသမီးဝန်ထမ်း မဆွေလဲ့မော် ကို ကော့စမွေ အပန်းဖြေကျွန်းရဲ့ အမည်နာမနဲ့ ဂုဏ်သတင်းကို မွှေးပျံစေသူအဖြစ် ချီးကျူးဂုဏ်ပြု လိုက်ပါတယ်။