မြန်မာလှုပ်ရှားသူတွေကို ထိုင်းရဲစောင့်ကြည့်
2016.07.10

ပြီးခဲ့တဲ့ဇွန်လက ထိုင်းနိုင်ငံ မဟာချိုင်မြို့မှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နဲ့ ရွှေ့ပြောင်းမြန်မာအလုပ်သမားတွေ တွေ့ဆုံပွဲမှာ ထိုင်းအစိုးရက ခေါ်လာတဲ့အလုပ်သမားတွေကို ခန်းမထဲ မဝင်ဖို့တားမြစ်တဲ့ မြန်မာအလုပ်သမားအရေးကူညီသူတွေနဲ့ မြန်မာအလုပ်သမားတွေကို ထိုင်းရဲတပ်ဖွဲ့ က စောင့်ကြည့်နေတယ်လို့ အလုပ်သမားအရေးကူညီသူတွေက ပြောပါတယ်။
အမှုဖွင့်အရေးယူတာမျိုး မရှိသေးပေမယ့် မကြာခင်ခေါ်ယူစစ်ဆေးတာတွေရှိလာနိုင်တယ်လို့ စောင့်ကြည့်ခံနေရ သူတွေထဲက မြန်မာအလုပ်သမား အရေးကူညီစောင့်ရှောက်ရေး ကော်မတီ AAC အဖွဲ့ဝင် ကိုရဲမင်းက ပြော ပါတယ်။
"ကျနော်တို့ကို ဒီထိုင်းထောက်လှမ်းရေးက သတိထားပြီးလိုက်တာပေါ့ ပြီးတော့ စုံစမ်းတာပေါ့၊ ကျနော်တို့ကို ခေါ်ယူစစ်ဆေးတာတွေဘာတွေ လုပ်လိမ့်မယ်ပေါ့နော် ဒီရက်ပိုင်းမှာ၊ တရားတော့မစွဲသေးပါဘူး ကျနော်တို့ကို၊ အမှုမဖွင့်ပါဘူး သူတို့မှာ ကျနော်တို့ကို တရားစွဲလို့ရတဲ့ဟာ ဘာမှမရှိသေးဘူးလေ၊ တရားစွဲလို့ရမယ့် အနေအထား ဘာမှမရှိသေးဘူးဆိုတော့ ကျနော်တို့ကို တရားစွဲဆိုခြင်းတော့ မရှိသေးပါဘူး၊ စုံစမ်းနေတာပေါ့ ကျနော်တို့ ကိုယ်ရေးအချက်အလက်တွေ ဘာတွေလုပ်လဲ လိုက်စုံစမ်းတာပေါ့၊ ဓါတ်ပုံတွေကို ရဲစခန်းတွေမှာ လိုက်ပို့ထားတာ ဒါမျိုးတွေလုပ်တာပေါ့၊ ကျနော်တို့ကို စိတ်အနှောက်အယှက်ဖြစ်အောင် လုပ်တာပေါ့"
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ထိုင်းနိုင်ငံခရီးစဉ်မှာ မဟာချိုင်မှာရှိတဲ့ မြန်မာအလုပ် သမားတွေနဲ့ တွေ့ဆုံဖို့ စီစဉ်ထား ရာမှာ သောင်းနဲ့ချီတဲ့ အလုပ်သမားအများစုက ခန်းမရှေ့မှာ စောင့် ဆိုင်းနေပြီး တွေ့ဆုံခွင့် မရဘဲ ထိုင်းအစိုးရက သီးသန့်ခေါ်ထားတဲ့ မြန်မာအလုပ်သမားတွေကို ခန်းမထဲ ဝင်ခွင့်ပေးတာဖြစ်ပါတယ်။
ထိုင်းအစိုးရက ကြိုတင်ခေါ်ထားတဲ့ မြန်မာအလုပ်သမားတွေကို တင်ဆောင်လာတဲ့ယာဉ်တွေကို ခန်းမရှေ့မှာ စောင့်ဆိုင်းနေတဲ့ မြန်မာအလုပ်သမားတွေက ဝင်ခွင့်မပေးဘဲ တားမြစ်ခဲ့တာဖြစ်ပါတယ်။
အဲဒီလိုတားမြစ်ရာမှာ ဦးဆောင်တဲ့ မြန်မာအလုပ်သမားတွေနဲ့ အလုပ်သမားအရေးကူညီသူတွေကို ထိုင်းရဲတပ်ဖွဲ့က စာရင်းပြုစုပြီး နောက်ကြောင်းတွေ စုံစမ်းနေ သလို ရဲစခန်းတွေကို ဓာတ်ပုံတွေဖြန့်ဝေထားတယ်လို့လည်း ကိုရဲမင်းက ပြောပါတယ်။
ထိုင်းအစိုးရက ရွေးချယ်ခေါ်ယူထားတဲ့ မြန်မာအလုပ်သမားတွေကို ခန်းမထဲမဝင်ဖို့ တားမြစ်ခဲ့တဲ့ မြန် မာရွှေ့ပြောင်းအလုပ်သမားအရေး ကူညီစောင့်ရှောက်ရေးကော်မတီ AAC အဖွဲ့ဝင်တွေနဲ့ မြန်မာ အလုပ်သမားတချို့ကို ထိုင်းရဲတပ်ဖွဲ့က လိုက်လံစောင့်ကြည့်နေပါတယ်။
စောင့်ကြည့်ခံနေရတဲ့ AAC အဖွဲ့ဝင် ကိုရဲမင်းကို RFA သတင်းထောက် မဇာဏီထွဏ်းက ဆက်သွယ်မေးမြန်း ထားပါတယ်။