မြန်မာ့နိုင်ငံရေး အပြောင်းအလဲ ဝိုင်းဝန်း တွန်းအားပေးဖို့ ထိုင်းဝန်ကြီးချုပ် ပြော

မြန်မာနိုင်ငံက နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုတွေဟာ အားရစရာ ဖြစ်ပြီးတော့ အဲဒီအပြောင်းအလဲတွေ ပိုမိုအားကောင်းလာဖို့ ဒေသတွင်း နိုင်ငံခေါင်းဆောင်တွေအနေနဲ့ ဝိုင်းဝန်း တွန်းအားပေးသင့်ကြောင်း ထိုင်းဝန်ကြီးချုပ် မီးစ် ယင်လတ် ရှီနာဝတ် က ပြောကြားလိုက်ပါတယ်။

2012.05.30
yingluck-shinawatra-b305 ၂၀၁၂ ခုနှစ် ဇန်နဝါရီလတွင် ကျင်းပသော ကမ္ဘာ့စီးပွားရေး ညီလာခံ၌ ထိုင်းဝန်ကြီးချုပ် မီးစ် ယင်လတ် ရှီနာဝတ် စကားပြောကြားနေစဉ်။
Photo courtesy of Wikipedia

ထိုင်းစီးပွားရေး လုပ်ငန်းရှင် ၆၀ လောက်နဲ့အတူ သြစတေးလျနိုင်ငံကို အလည်အပတ်ခရီး ရောက်ရှိနေတဲ့ ထိုင်းဝန်ကြီးချုပ် ယင်လတ်က ထားဝယ် ရေနက်ဆိပ်ကမ်း စီမံကိန်းမှာ သြစတေးလျ စီးပွားရေးလုပ်ငန်းရှင်တွေ အနေနဲ့ ပါဝင်ရင်းနှီးမြှုပ်နှံကြဖို့ တိုက်တွန်းရင်း အဲဒီလို ပြောသွားတာပါ။

မြန်မာနိုင်ငံ တနင်္သာရီတိုင်းမှာ အကောင်အထည်ဖော်မယ့် ထားဝယ်ရေနက်ဆိပ်ကမ်း စီမံကိန်းဟာ ထိုင်းနိုင်ငံ စီးပွားရေးတိုးတက်ဖို့အတွက် အထူးအရေးကြီးတာကြောင့် ထားဝယ် ရေနက်ဆိပ်ကမ်း စီမံကိန်းမှာ ရင်းနှီးမြှုပ်နှံမယ့် စီမံကိန်း ၂၀၃ ခုကို ထိုင်းလွှတ်တော်က အတည်ပြုလိုက်ပြီလို့ ပြောပါတယ်။

အဲဒီ အတည်ပြုလိုက်တဲ့ စီမံကိန်းတွေက ရေကာတာတွေနဲ့ လမ်းဖောက်လုပ်ရေး စီမံကိန်းတွေ ဖြစ်တယ်လို့ သြစတေးလျနိုင်ငံ အေဘီစီ သတင်းဌာနက ဆိုပါတယ်။

ထားဝယ် ရေနက်ဆိပ်ကမ်း တည်ဆောက်ပြီးသွားရင် ထိုင်းနိုင်ငံဟာ အရှေ့တောင်အာရှဒေသရဲ့ ကုန်သွယ်ရေး အချက်အခြာနိုင်ငံ ဖြစ်လာပြီး၊ အရှေ့အလယ်ပိုင်းဒေသ၊ အိန္ဒိယနဲ့ ဥရောပတိုက်က နိုင်ငံတွေနဲ့ ရေလမ်းကြောင်း ကုန်သွယ်ရေးမှာ သယ်ယူပို့ဆောင်ရေး စရိတ်တွေ သက်သာလာမယ်လို့ ဆိုပါတယ်။

ထိုင်းနိုင်ငံအတွက် အကျိုးကျေးဇူးရှိလာမှာ ဖြစ်သလို တစ်ချိန်တည်းမှာ မြန်မာနိုင်ငံအနေနဲ့လည်း စီးပွားရေး တိုးတက်လာမှာ ဖြစ်တယ်လို့ ထိုင်းဝန်ကြီးချုပ်က ပြောကြားသွားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။