ထိုင်းလွှတ်တော်က ပထမဆုံးအကြိမ် မြန်မာ့အရေးဆွေးနွေးပွဲ ပြီးဆုံး

စစ်တပ်အာဏာသိမ်းထားတဲ့ သုံးနှစ်အတွင်း မြန်မာအတိုက်ခံတွေပါတဲ့ ဆွေးနွေးပွဲကြီးတစ်ရပ်ကို ထိုင်းလွှတ်တော်မှာ ပထမဆုံးအကြိမ်အနေနဲ့ ပြီးခဲ့တဲ့ စနေ တနင်္ဂနွေနှစ်ရက်မှာ ကျင်းပခဲ့ပါတယ်။
မြန်မာနိုင်ငံ ပဋိပက္ခတွေ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ဖြေရှင်းနိုင်ပြီး ရေရှည်တည်တံ့အောင် လမ်းခင်းပေးတာလို့ ဆွေးနွေးပွဲဖြစ်မြောက်ရေးဆောင်ရွက်ခဲ့တဲ့ ထိုင်းလွှတ်တော်အမျိုးသားလုံခြုံရေးကော်မတီ ဥက္ကဋ္ဌ ရန်စီမန် ရုမ်း (Rangsiman Rome) က ပြောတဲ့အကြောင်း ဘန်ကောက်ပို့စ်သတင်းမှာ မနေ့က ဖော်ပြထားပါတယ်။
ထိုင်းအစိုးရဟာ စစ်ကောင်စီကတစ်ဆင့် မြန်မာပြည်ကို လူသားချင်းစာနာမှုအကူအညီတွေ ပေးရေး မှာ ဦးဆောင်ဖို့ဆန္ ဒရှိနေပါတယ်။ ဒါကြောင့် အဲဒီအကူအညီအတွေကို NUG၊ တိုင်းရင်းသားအဖွဲ့တွေ လူထုအခြေပြုအဖွဲ့တွေကတစ်ဆင့် တိုက်ရိုက်ပေးဖို့၊ စစ်ကောင်စီ ဒါမှမဟုတ် မြန်မာနိုင်ငံကြက်ခြေနီအသင်းလို စစ်ကောင်စီလက်အောက်ခံအဖွဲ့အစည်းတွေကနေတစ်ဆင့် ပေးမယ်ဆိုရင်လည်း ဒုက္ခသည်တွေဆီရောက်မှာမဟုတ်တဲ့အကြောင်း အရပ်ဘက်လူ့အဖွဲ့အစည်းတွေဘက်က ဆွေးနွေးခဲ့ကြပါတယ်။
ဆွေးနွေးပွဲမှာ ထိုင်းဘက်က လွှတ်တော်အမတ်တွေ၊ တက္ကသိုလ်တွေက ပညာရှင်တွေတက်ရောက်ပြီး ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးအထူးကိုယ်စားလှယ် တွမ်အန်ဒရူး၊ အမျိုးသား ညီညွတ်ရေးအစိုးရ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်၊ ကုလသမဂ္ဂ မြန်မာနိုင်ငံဆိုင်ရာ သံအမတ်ကြီး ဦးကျော်မိုးထွန်း၊ တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့ကခေါင်းဆောင်တွေ၊ အရပ်ဘက် လူ့အဖွဲ့အစည်းတွေနဲ့ ကျောင်းသားသမဂ္ဂခေါင်းဆောင်တွေ တက်ရောက်ခဲ့ပါတယ်။
ထိုင်းနိုင်ငံခြားရေးဝန်ကြီးမိန့်ခွန်းပြောမယ်လို့ အစီအစဉ်မှာတွေ့ပေမယ့် ရောက်မလာခဲ့ပါဘူး။ စစ်ကောင်စီရဲ့ နိုင်ငံခြားရေးဌာနက ဒီဆွေးနွေးကို ပြင်းပြင်းထန်ထန်ကန့်ကွက်တဲ့အကြောင်း ထိုင်းအစိုးရကို စာပို့ခဲ့ပါတယ်။