ထိုင်း-မြန်မာနယ်စပ် မယ်ဆိုင်မှာ မက်သာဖက်တမင်း ၂၂၅ ကီလိုဂရမ် ဖမ်းမိ

RFA Burmese
2023.09.24
ထိုင်း-မြန်မာနယ်စပ် မယ်ဆိုင်မှာ မက်သာဖက်တမင်း ၂၂၅ ကီလိုဂရမ် ဖမ်းမိ မဲခေါင်မြစ်အနီး ထိုင်း-မြန်မာနယ်စပ်တစ်နေရာအား ၂ဝ၂၁ ခုနှစ် မတ်လ ၁၅ ရက်နေ့က တွေ့မြင်ရစဉ်။
AFP

ထိုင်း-မြန်မာနယ်စပ် ချင်းရိုင်၊ မယ်ဆိုင်ခရိုင်ထဲမှာ မြန်မာဘက်က မူးယစ်ဆေးဝါးမှောင်ခိုကူးသူတွေနဲ့ ထိုင်း စစ်တပ်တို့ ပစ်ခတ်မှုဖြစ်ပြီး မူးယစ်မှောင်ခိုသမားတွေ ကျန်ရစ်ခဲ့တဲ့ မက်သာဖက်တမင်းဆေးပြား ၂၂၅ ကီလိုဂရမ်နီးပါးကို ထိုင်းစစ်တပ်က သိမ်းဆည်းရမိခဲ့တယ်လို့ Thai PBS World သတင်းမှာ မနေ့က ဖော်ပြပါတယ်။

စက်တင်ဘာလ ၂၄ ရက်နေ့က ဘန်ပါဒေါင်ခရိုင်အတွင်း မူးယစ်ဆေးဝါးနှိမ်နင်းရေး စစ်ဆင်ရေးအတွက် ထိုင်းစစ်တပ်က ကင်းလှည့်နေချိန်မှာ မြန်မာနိုင်ငံ၊ ရှမ်းပြည်နယ်က တိုင်းရင်းသားလက်နက်ကိုင်တွေလို့ ယူဆရသူ ဆယ်ဦးဟာ ထိုင်း-မြန်မာနယ်စပ်မြစ်ကို ဖြတ်ကျော် ဝင်ရောက်ခဲ့တယ်လို့ ဆိုပါတယ်။ သူတို့ကို ထိုင်းစစ်တပ်က စစ်ဆေးဖို့ ကြိုးစားရာမှာ အစစ်ဆေးမခံဘဲ ပြန်လည်ပစ်ခတ်ခဲ့တယ်လို့ ထိုင်းစစ်တပ်ရဲ့ ပြောဆိုချက်ကို ကိုးကားပြီး သတင်းမှာ ဖော်ပြထားပါတယ်။

ငါးမိနစ်ကြာ အပြန်အလှန်ပစ်ခတ်ခဲ့အပြီး အဲဒီလက်နက်ကိုင်တွေ မြန်မာနိုင်ငံဘက်ကို ထွက်ပြေးဝင်ရောက် သွားခဲ့ကြောင်း၊ အဲဒီနောက် ထိုင်းစစ်တပ်က နယ်မြေရှင်းလင်းရေးဆောင်ရွက်ရာမှာ Ice မူးယစ်ဆေးဝါး ၂၅ ကီလိုဂရမ်နီးပါးစီ ပါဝင်တဲ့ အိတ် ကိုးအိတ်ကို တွေ့ခဲ့ရတယ်လို့ ဆိုပါတယ်။

ဒီမူးယစ်ဆေးဝါးတွေကို ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ထုတ်လုပ်တယ်လို့ ယူဆရကြောင်း၊ နယ်စပ်ဖြတ်ကျော်ပြီး မှောင်ခိုရောင်းဝယ်ဖို့ ထိုင်းနယ်စပ်အနီး တာချီလိတ်မှာရှိတဲ့ သိုလှောင်ရုံကို သယ်ဆောင်လာပုံရကြောင်း သတင်းမှာ ဖော်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။