မလေးရှားကို တရားမဝင် ဝင်ရောက်အလုပ်ရှာဖို့ ကြိုးစားတဲ့ မြန်မာတွေ ဖမ်းဆီးခံရ

၂၀၂၀ ခုနှစ်၊ ဧပြီလ ၁၈ ရက်နေ့က ထိုင်း-မလေးရှားနယ်စပ် Sungai Kolok မြို့မှာ ထိုင်းရဲတွေက ထိုင်းနိုင်ငံအတွင်းဝင်ရောက်လာသူတွေကို စစ်ဆေးနေစဉ်။
၂၀၂၀ ခုနှစ်၊ ဧပြီလ ၁၈ ရက်နေ့က ထိုင်း-မလေးရှားနယ်စပ် Sungai Kolok မြို့မှာ ထိုင်းရဲတွေက ထိုင်းနိုင်ငံအတွင်းဝင်ရောက်လာသူတွေကို စစ်ဆေးနေစဉ်။ (Photo: AFP)

မလေးရှားနိုင်ငံထဲ တရားမဝင် ဝင်ရောက်ပြီး အလုပ်ရှာဖို့ ကြိုးစားတဲ့ မြန်မာနိုင်ငံသား ၂၄ ယောက်ကို ထိုင်း-မလေးရှားနယ်စပ်မှာ ဖမ်းဆီးမိခဲ့တယ်လို့ ဘန်ကောက်ပို့စ်သတင်းမှာ မနေ့က ဖော်ပြပါတယ်။

နိုဝင်ဘာလ ၁၂ ရက်နေ့က ထိုင်း-မလေးရှားနယ်စပ် ဟတ်ရိုင်မြို့မှာ လူဝင်မှုကြီးကြပ်ရေးအဖွဲ့နဲ့ ဒေသဆိုင်ရာရဲတပ်ဖွဲ့က ထရပ်ကားတစ်စင်းကို စစ်ဆေးချိန် မြန်မာ သုံးယောက်ကို ဖမ်းဆီးမိခဲ့ပြီး သူတို့ကို ခေါ်ဆောင်လာတဲ့ အသက် ၇ဝ အရွယ် ထိုင်းလူမျိုး ယာဉ်မောင်းကိုလည်း ဖမ်းဆီးလိုက်တယ်လို့ ဆိုပါတယ်။

တစ်ချိန်တည်းမှာပဲ ကားပေါ်မှာ လိုက်ပါလာသူတွေကို မလေးရှားနိုင်ငံကို ပို့ဆောင်ရာမှာ ကူညီဖို့လာတဲ့ မြန်မာတစ်ယောက်ကိုလည်း ဖမ်းဆီးလိုက်တယ်လို့ ဆိုပါတယ်။

အဲဒီနောက်မှာတော့ ဟတ်ရိုင်မြို့ထဲက တန်းလျားတစ်ခုမှာ တရားမဝင် နေထိုင်ပြီး မလေးရှားကို သွားဖို့ စောင့်ဆိုင်းနေတဲ့ မြန်မာနိုင်ငံသား ၂၁ ယောက်ကို ထပ်မံစုံစမ်းဖော်ထုတ်နိုင်ခဲ့တယ်လို့ ဖော်ပြပါတယ်။

လက်ရှိမှာ မြန်မာနိုင်ငံသားတွေနဲ့ ထိုင်းလူမျိုးယာဉ်မောင်းကို ရဲစခန်းမှာ ထိန်းသိမ်းထားပြီး အရေးယူဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် နိုင်ငံဖြတ်ကျော်ပြီး လူမှောင်ခိုကူးတဲ့ ကွန်ရက်ကို ဆက်လက်စုံစမ်းစစ်ဆေးသွားမှာဖြစ်ကြောင်း သတင်းမှာ ဖော်ပြထားပါတယ်။