မြန်မာလူငယ်နှစ်ဦးအမှု ထိုင်းရှေ့နေ ၁၆ ဦး ပါဝင်ကူညီမည်


2014.10.23
koh-tao-myanmar-305.jpg ထိုင်းနိုင်ငံ ခိုထောင်းကျွန်း (ခေါ်) လိပ်ကျွန်းမှာ ဗြိတိန်နိုင်ငံ သား ၂ ဦးကို သတ်မှုနဲ့ ထိုင်းရဲကဖမ်းဆီးထားတဲ့ မြန်မာနှစ်ဦး ကို တွေ့ရစဉ်
Photo: BangKok Post

ထိုင်းနိုင်ငံ ခိုတောင်းကျွန်း ခေါ် လိပ်ကျွန်းမှာ ဗြိတိန်နိုင်ငံသား နှစ်ဦးကို သတ်ဖြတ်တယ်ဆိုပြီး စွပ်စွဲဖမ်းဆီးခံထားရတဲ့ ကိုဝင်းဇော်ထွန်းနဲ့ ကိုဇော်လင်း တို့ရဲ့ အမှုကို ထိုင်းရှေ့နေများကောင်စီက ရှေ့နေ ၁၆ ဦးက လိုက်ပါဆောင်ရွက်ပေးမယ်လို့ မြန်မာသံရုံး အထူးအဖွဲ့က ပြောပါတယ်။

ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးနဲ့ ထိုင်းရှေ့နေ များကောင်စီတို့ မနေ့က ဆွေးနွေးခဲ့ကြပြီး အခုလို လိုက်ပါဆောင်ရွက်ပေးဖို့ ဆုံးဖြတ်လိုက်တာလို့ ဒီအမှုကို လိုက်ပါကူညီပေးနေတဲ့ မြန်မာသံရုံးအထူးအဖွဲ့ က ရှေ့နေဦးအောင်မျိုးသန့်က ပြောပါတယ်။

"ထိုင်းရှေ့နေများကောင်စီက အခုဖြစ်နေတဲ့ ကလေးတွေအမှုကို ရှေ့နေ ၁၆ ဦးပါတဲ့ အဖွဲ့ဖွဲ့ပေး ထားပါတယ်၊ လိုက်ပါဆောင်ရွက်ပေးမှာပါ၊ ထို့အတူပဲ လူ့အခွင့်အရေးအဖွဲ့ကလည်း ကလေးများ နှိပ်စက် ညှင်းပမ်းမှုနဲ့ ပတ်သက်လို့ သိချင်တဲ့အချက် ကလေးတွေ နောက်ထိရောက်တဲ့ အချက်လေးတွေ ကို ပြောဆိုကြပြီးတော့ ဆွေးနွေးကြပါတယ်၊ ထိုင်းရှေ့နေများကောင်စီနဲ့ လွန်ခဲ့တဲ့ ၄၊ ၅ နှစ်လောက်က ဗမာတွေဖြစ်တဲ့အမှုတွေကို တော်တော်များများ ပူးတွဲဆောင်ရွက်ခဲ့ဖူးပါတယ်၊ ဒီလူတွေအပေါ်မှာလည်း ယုံကြည်စိတ်ချရတဲ့ အနေအထားရှိပါတယ်၊ သူတို့လည်း ဗမာနဲ့ ပတ်သက်တဲ့အမှုတွေကို စွမ်းစွမ်းတမံဆောင် ရွက်ပေးခဲ့တာကို တွေ့ခဲ့ရပါတယ်"

ဒီအမှုကို တရားရုံးတင်လိုက်ပြီဖြစ်လို့ ကော့စမွီးတရားရုံးမှာ တစ်လအတွင်း စစ်ဆေးမှာဖြစ်ကြောင်း၊ ရုံးချိန်းစတင်တဲ့ အချိန်မှာ သူတို့နှစ်ယောက်အတွက် အာမခံရရှိရေး တင်ပြမှာဖြစ်ကြောင်း ၊ ထိုင်းရှေ့နေများကောင်စီအနေနဲ့ အရင်က မြန်မာနိုင်ငံသားတွေရဲ့အမှုကို လိုက်ပါဆောင်ရွက်ခဲ့ဖူးတဲ့ သာဓကတွေရှိခဲ့တာမို့ ယုံကြည်ရကြောင်းလည်း ဦးအောင်မျိုးသန့်က ပြောပါတယ်။

ဖမ်းဆီးခံထားရတဲ့ မြန်မာနှစ်ဦးရဲ့ မိဘတွေနဲ့ မြန်မာကိုယ်စားလှယ်အဖွဲ့တို့ဟာ ထိုင်းနိုင်ငံ ဘန်ကောက်ကနေ ဒီကနေ့ ထွက်ခွာသွားပြီဖြစ်ပြီး မနက်ဖြန်မှာ အဲဒီလူငယ်နှစ်ဦးနဲ့ တွေ့ဆုံမှာ ဖြစ်ပါတယ်။

စွပ်စွဲခံထားရတဲ့ မြန်မာလူငယ်နှစ်ဦးက သူတို့အနေနဲ့ မုဒိန်းမှု၊ သတ်ဖြတ်မှု ကျူးလွန်ခဲ့တာမရှိကြောင်း၊ ထိုင်းရှေ့နေ နဲ့ တွေ့ဆုံစဉ်မှာ ပြောဆိုလိုက်ပြီး၊ အရင်က သူတို့ထွက်ထားဆိုချက်တွေကို ပြန်ရုပ်သိမ်းကြောင်းလည်း ပြောပါတယ်။

ရှေ့နေ ဦးအောင်မျိုးသန့်ကို RFA သတင်းထောက် ကိုကျော်သူ ဆက်သွယ်မေးမြန်းထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။