ခိုထောင်းကျွန်းအမှု သက်သေစာရင်း တင်ပြ
2014.12.26

ထိုင်းနိုင်ငံ ခိုထောင်းကျွန်းမှာ ဗြိတိန်နိုင်ငံသား ၂ ဦး အသတ်ခံရမှုနဲ့ ဖမ်းဆီးခံထားရတဲ့ မြန်မာအလုပ် သမား နှစ်ဦးကို ဒီနေ့ Koh Samui ခရိုင်တရားရုံးမှာ ရုံးထုတ်ရာ နှစ်ဖက်သက်သေစာရင်းကို တင်ပြခဲ့တယ် လို့ သိရပါတယ်။
တရားလိုဖြစ်တဲ့ ထိုင်းအစိုးရဘက်က သက်သေ ၆၂ ဦး နဲ့ သက်သေခံပစ္စည်းတွေတင်ပြပြီး မြန်မာအလုပ်သမား ၂ ဦးဘက်က သက်သေ ၂၇ ဦး တင်ခဲ့တယ်လို့ တရားရုံး ကိုတက်ရောက်ခဲ့တဲ့ မြန်မာသံရုံးအထူးအဖဲ့ွက ရှေ့နေ ဦးအောင်မျိုးသန့်က ပြောပါတယ်။
"တရားခွင်မှာပဲ နှစ်ဖက်ကြည့်ရှုပြီးတော့ အလဲအလှယ်လုပ်ကြတာပါ၊ တရားလိုဘက် သက်သေတွေတင်ပြတဲ့ ပုံစံတွေကတော့ သက်သေ ၆၂ ယောက်နဲ့ သက်သေခံစာရွက်စာတမ်း၊ နောက် DNA စစ်တဲ့ဆေးစာ ဒါတွေကို ပူးတွဲတင်ပြထားတာတွေ့ပါတယ်၊ ကျနော်တို့ဘက်က ၂၇ ယောက်တော့ တင်ပြထားတာတွေ့ပါတယ်၊ ဒါပေမဲ့ သူတို့ဘက်မှာ တင်ပြထားတဲ့ သက်သေတွေကလည်း ဗမာတွေ ၁ဝ ယောက်လောက်တွေ့ရပါတယ်၊ ကျန်တာကတော့ ရဲတွေများပါတယ်၊ နောက်ပြီးတော့ မှုခင်းနဲ့ပတ်သက်တဲ့ ရဲတွေပါပါတယ်"
ဒီနေ့ တရားရုံးချိန်းကို မြန်မာအလုပ်သမား ၂ ဦးဖြစ်တဲ့ ကိုဝင်းဇော်ထွန်း နဲ့ ကိုဇော်လင်းတို့ရဲ့ မိဘတွေလည်း သွားရောက်ခဲ့ပါတယ်။
ကိုဝင်းဇော်ထွန်းနဲ့ ကိုဇော်လင်းတို့ ၂ ဦးဟာ လူသတ်မှု၊ မုဒိန်းမှု၊ တရားမဝင်နေထိုင်မှု စတဲ့ပုဒ်မ ၇ ခုနဲ့ စွဲဆိုခံထားရတာဖြစ်ပါတယ်။
နောက်နှစ် ဇူလိုင်လ ၈ နေ့မှာ ထပ်မံစစ်ဆေးမှာဖြစ်ပြီး အဲဒီရုံးချိန်းမတိုင်ခင် မြန်မာအလုပ်သမား ၂ ဦး အာမခံရရှိဖို့အတွက် မြန်မာသံရုံးအထူးအဖဲ့ွက ကြိုးစားသွားမယ်လို့ သိရပါတယ်။
တရားခံအဖြစ် စွပ်စွဲခံထားရတဲ့ မြန်မာလူငယ်နှစ်ဦးဖြစ်တဲ့ ကိုဝင်းဇော်ထွန်းနဲ့ ကိုဇော်လင်းတို့ နှစ်ဦးဘက်က သက်သေထွက်ဆိုပေးမယ့်သူတွေရဲ့ လုံခြုံရေးအတွက် သက်သေတွေကို ဘန်ကောက်မြို့ တရားရုံးမှာစစ်ဆေးပေးဖို့ ထိုင်းရှေ့နေများကောင်စီက တောင်းဆိုထားတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၄ ရက်နေ့က ခိုတောင်းကျွန်းမှာ ဗြိတိန်စုံတွဲ အသတ်ခံရပြီးနောက် အောက်တိုဘာလ ၂ ရက်နေ့မှာ ကိုဝင်းဇော်ထွန်းနဲ့ ကိုဇော်လင်းတို့ ဖမ်းဆီးခံရတာဖြစ်ပါတယ်။