ထိုင်း အလုပ်သမား အေဂျင်စီတွေကို နာမည်ပျက်စာရင်းသွင်း
2016.07.22

မြန်မာနိုင်ငံသား အလုပ်သမားတွေကို အလုပ်ရှာဖွေပေးနေတဲ့ ထိုင်းအလုပ်ရှာဖွေရေး အေဂျင်စီ ၂၄ ခုနဲ့ ကိုယ်စားလှယ် ၆ ယောက်ကို မြန်မာအစိုးရက အမည်ပျက်စာရင်း သွင်းလိုက်ပါတယ်။
အလုပ်သမားရှာဖွေရေးအေဂျင်စီတွေ လိုက်နာရမယ့် စည်းမျဉ်းစည်းကမ်းတွေကို မလိုက်နာတာကြောင့် အမည်ပျက်စာရင်း သွင်းလိုက်တာဖြစ်တယ်လို့ အလုပ်ရုံနဲ့ အလုပ်သမား ဥပဒေစစ်ဆေးရေးဦးစီးဌာနက ဒုတိယညွှန့်ကြားရေးမှူးချုပ် ဦးညွှန့်ဝင်း က ပြောပါတယ်။
"အေဂျင်စီတွေ လိုက်နာကျင့်ဝတ်တွေပေါ့ဗျာ၊ စည်းကမ်းတွေ အဲ့ဒါတွေမလိုက်နာဘူးဆိုတာကို တွေ့လို့ပေါ့၊ ကိုယ့်ဆီကနေပြီးတော့ ထိုင်းနိုင်ငံမှာရွှေ့ပြောင်းလုပ်သားတွေနဲ့ သွားလုပ်တဲ့အခါမှာ သူတို့ဘက်ကလည်း အလုပ်ရှင်တွေနဲ့ ပြဿနာတက်တဲ့၊ အငြင်းပွားမှုဖြစ်တဲ့ကိစ္စတွေမှာ ထဲထဲဝင်ဝင်နဲ့ ဖြေရှင်းပေးတာတွေ မရှိဘူးပေါ့ဗျာ၊ ဒါတွေကြောင့် လုပ်ဆောင်ချက်တွေ ကျေနပ်ဖွယ်ရာလည်း မရှိဘူး၊ စည်းမျဉ်းစည်းကမ်းနဲ့ လည်း ကိုက်ညီမှုမရှိတဲ့အတွက် အဲ့ဒါကို ကျနော်တို့ အမည်ပျက်စာရင်း သွင်းတာပါခင်ဗျ"
ထိုင်းအလုပ်ရှာဖွေရေးကုမ္ပဏီတွေဖြစ်တဲ့ MP ၊ PV Thaipart Limited Partnership၊ V V Group အစရှိတဲ့ အလုပ်သမားရှာဖွေရေးကုမ္ပဏီ ၂၄ ခုနဲ့ Mr.Preecha Yindeerak၊ Mrs. Sarima၊ Miss Aliya Panyasopa အစရှိတဲ့ ကိုယ်စားလှယ် ၆ ယောက်ကို အမည်ပျက်စာရင်းသွင်းခဲ့တာဖြစ်ပါတယ်။
အမည်ပျက်စာရင်းသွင်းခံထားရတဲ့ ထိုင်းနိုင်ငံက ကုမ္ပဏီတွေကို မြန်မာနိုင်ငံဘက်က အလုပ်အကိုင် ရှာဖွေရေးအေဂျင်စီတွေ သိရှိအောင်လည်း မြန်မာပြည်ပအလုပ်အကိုင် ဝန်ဆောင်မှုလုပ်ငန်းရှင်များအဖွဲ့ချုပ်ထံ အကြောင်းကြားစာ ပေးပို့ထားတယ်လို့ ဦးညွှန့်ဝင်း က ပြောပါတယ်။
မြန်မာနိုင်ငံဘက်က အလုပ်အကိုင်ရှာဖွေရေးအေဂျင်စီတွေအနေနဲ့ အမည်ပျက်စာရင်းသွင်းခံထားရတဲ့ ထိုင်းနိုင်ငံဘက်က ကုမ္ပဏီတွေနဲ့ ချိတ်ဆက်ဆောင်ရွက်မယ်ဆိုရင် အလားတူ အမည်ပျက်စာရင်းသွင်းခံရ မှာဖြစ်တယ်လို့လည်း ပြောပါတယ်။
ပြီးခဲ့တဲ့ ၂၀၀၃ ခုနှစ်က စတင်ပြီး အလုပ်သမားညွှန့်ကြားမှုဦးစီးဌာနက ထိုင်းနိုင်ငံကို တရားဝင်ပို့ဆောင်ပေးတဲ့ အလုပ်သမားအရေအတွက်ဟာ တစ်သိန်းကျော်သာ ရှိတယ်လို့ ပြောပါတယ်။
အလုပ်ရုံနဲ့ အလုပ်သမားဥပဒေ စစ်ဆေးရေးဦးစီးဌာနက ဒုတိယညွှန့်ကြားရေးမှူးချုပ် ဦးညွှန့်ဝင်း ကို RFA သတင်းထောက် မဝေမာထွန်း က ဆက်သွယ်မေးမြန်းထားပါတယ်။