MOU စာချုပ် ဖောက်ဖျက်ခံရတဲ့ အလုပ်သမား ၁၀၀ ကျော် နေရပ်ပြန်လာ
2017.10.12

နှစ်နိုင်ငံ သဘောတူညီမှုစာချုပ် MOU နဲ့ အစိုးရကခွင့်ပြုထားတဲ့ အလုပ်အကိုင်ရှာဖွေရေး အေဂျင်စီကနေတဆင့် ထိုင်းနိုင်ငံကို တရားဝင်သွားရောက်ခဲ့ပေမယ့် စာချုပ်ပါအချက်အလက်တွေ ချိုးဖောက်ခံရပြီး အခက်အခဲတွေနဲ့ ရင်ဆိုင်ခဲ့ရတဲ့ အလုပ်သမား ၁၀၀ ကျော်ဟာ နေရပ်ကို ပြန်လာကြပြီး ဒီနေ့မနက်ပိုင်းမှာ မြဝတီမြို့ကို ရောက်လာ ပါတယ်။
တရားဝင်သွားရောက်ပေမယ့် စာချုပ်ပါအချက်တွေကို ထိုင်းအလုပ်ရှင်ဘက်က ချိုးဖောက်တာကြောင့် ထိုင်းဥပဒေ အရ တရားမဝင်အလုပ်သမားဖြစ်ခဲ့ပြီး အခက်အခဲ ဖြစ်ခဲ့ကြရတယ်လို့ အလုပ်သမားခေါင်းဆောင်ဖြစ်တဲ့ ကိုမျိုးကျော်သိန်း က ပြောပါတယ်။
"MOU နဲ့ သွားတယ်၊ ဟိုရောက်တော့ စာချုပ်ချုပ်ခဲ့တဲ့စက်ရုံနဲ့ လက်ရှိလုပ်ရတဲ့အလုပ်ရုံ မတူဘူး၊ လက်ရှိလုပ်ရတဲ့အလုပ်ရုံမှာ တရားမဝင်အလုပ်သမားအဖြစ် လုပ်ဆောင်ရတယ်၊ ထိုင်းအာဏာပိုင်တွေ ဖမ်းဆီးတာကိုခံရတယ်၊ စာချုပ်ပါအချက်အလက်တွေအားလုံးကို အလုပ်ရှင်နဲ့ အေးဂျင့်တွေဘက်က ဖောက်ဖျက်တယ်ခင်ဗျ"
အဲဒီအလုပ်သမားတွေဟာ ပြီးခဲ့တဲ့ ၃လပိုင်းတုန်းက ထိုင်း - မြန်မာ နှစ်နိုင်ငံ သဘောတူစာချွန်လွှာအရ တစ်ယောက် ကို မြန်မာကျပ်ငွေ ၉ သိန်းလောက် အကုန်အကျခံပြီး ရွှေစင်ကိုးပွင့် အလုပ်အကိုင် ရှာဖွေရေးကုမ္ပဏီနဲ့ချိတ်ဆက် သွားရောက်ခဲ့တာဖြစ်ပါတယ်။
ထိုင်းနိုင်ငံ ရောက်ချိန်မှာ စာချုပ်မှာပါတဲ့ စက်ရုံတွေမှာမလုပ်ရဘဲ အခြားမြို့ကစက်ရုံတွေမှာ လုပ်ကိုင်ရပြီး စက်ရုံသူဌေးက လုပ်ခလစာမပေးတာ၊ အလုပ်လုပ်ကိုင်ခွင့် ပါမစ်ကြေး၊ ကျန်းမာရေးကြေးတွေ ကောက်ခံသလို လုပ်သက် ၆ လမှာ အကြောင်းအမျိုးမျိုးပြပြီး အလုပ်ထုတ်လိုက်တာကြောင့် အခက်အခဲတွေဖြစ်ပြီး မြဝတီမြို့ ကျောက်လုံးကြီး ကယ်ဆယ်ရေးစခန်းကို ရောက်ရှိနေကြတာလို့ အလုပ်သမားတွေက ပြောပါတယ်။
ရွှေစင်ကိုးပွင့် အလုပ်အကိုင်ရှာဖွေရေးအင်ဂျင်စီက တာဝန်ရှိသူ ဦးထွန်းကတော့ ထိုင်းအလုပ်ရှင်ဘက်က စာချုပ်ကို ဖောက်ဖျက်တာဖြစ်ပြီး အဲဒီ ထိုင်းအလုပ်ရှင်ကို တရားစွဲမယ်လို့ ပြောပါတယ်။
ဒါအပြင် မြန်မာနိုင်ငံကို ပြန်လာတဲ့အလုပ်သမားတွေကို ဆန္ဒရှိရင် ထိုင်းက ပြဿနာမရှိတဲ့စက်ရုံကို ပြန်လည် ပို့ပေးမှာဖြစ်ပြီး မသွားချင်တဲ့သူတွေအတွက်ကိုတော့ ရပိုင်ခွင့်ရှိတာတွေရဖို့ ထိုင်းအလုပ်ရှင်ဘက်ကို တောင်းဆိုပေးမယ်လို့ ဦးထွန်းက ပြောပါတယ်။
အလုပ်သမားတွေအပေါ် စာချုပ်ဖောက်ဖျက်ခဲ့တဲ့ ထိုင်းသူဌေးဟာ လက်ရှိမှာ မြန်မာနိုင်ငံဘက်ကို တရားမဝင် ဝင်ရောက်တာကြောင့် မြဝတီမြို့မှာ ဖမ်းဆီးခံထားရတယ်လို့ သိရပါတယ်။