ထိုင်းလူမျိုး ၈ ဦး တရားမဝင် လက်နက် ကိုင်ဆောင်မှုနှင့် ထောင်ဒဏ် ၇ နှစ်စီ ချမှတ်

နိုင်ငံဖြတ်ကျော် ဝင်ရောက်မှုနဲ့ ထောင်ဒဏ် အပြစ်ပေး ခံထားရတဲ့ ထိုင်းလူမျိုး ၉၂ ဦးအထဲက ၈ ဦးကို တရားမဝင် လက်နက် ကိုင်ဆောင်မှုနဲ့ပါ မနေ့က ထောင်ဒဏ် ၇ နှစ်စီ အသီးသီး ချမှတ်လိုက်တယ်လို့ သိရပါတယ်။

2012.08.24

တရားမဝင် လက်နက်ကိုင်ဆောင်မှု ပုဒ်မ ၁၉(က) နဲ့ တရားစွဲဆိုထားတဲ့ ဒီအမှုကို တနင်္သာရီတိုင်း ဒေသကြီး၊ ကော့သောင်းမြို့နယ် တရားရုံးက အမိန့်ချမှတ်လိုက်တာပါ။

ဒါကြောင့် အဲဒီ ထိုင်းလူမျိုး ၈ ဦးဟာ တရားမဝင် နိုင်ငံဖြတ်ကျော် ဝင်ရောက်မှုအတွက် မူလချမှတ်ခံထားတဲ့ ထောင်ဒဏ်အပြင် အခုချမှတ်လိုက်တဲ့ လက်နက် ကိုင်ဆောင်မှုအတွက် ထောင်ဒဏ်ကိုပါ ထပ်မံကျခံရမှာ ဖြစ်ကြောင်း ထိုင်းမြန်မာ နယ်ခြားကော်မတီက တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

"ကော့သောင်းမြို့နယ် တရားရုံးကနေပြီးတော့ ဒီ ၈ ယောက်ကို ၇ နှစ် ချလိုက်တယ်ခင်ဗျ။ ပေါင်း ၁၀ နှစ်ခွဲ ဖြစ်သွားတယ်ခင်ဗျ။ ဒါပေမဲ့ မူးယစ်ဆေးဝါးအမှုနဲ့ ၂ ယောက် ကျန်နေသေးတယ်။ မူးယစ်ဆေးဝါးထဲမှာက ဒီ ၈ ယောက်ထဲက တစ်ယောက် ပါနေသေးတယ်။ အဲတာကျတော့ တနင်္လာနေ့ကျမှ ချိန်းထားသေးတယ်။ ဒါကတော့ အများကြီးချိန်းဖို့ ရှိပါသေးတယ်"

ကော့သောင်ခရိုင်၊ ခမောက်ကြီးမြို့နယ်အတွင်း ထိုင်းနိုင်ငံသား ၉၂ ဦး ဝင်ရောက်နေထိုင်ပြီး ရော်ဘာနဲ့ ဆေးခြောက်စိုက်ခင်းတွေ စိုက်ပျိုး လုပ်ကိုင်နေတာကို မြန်မာစစ်တပ် ခမရ ၄၃၁ က ဇူလိုင်လဆန်းက ဖမ်းဆီးမိခဲ့တာ ဖြစ်ပါတယ်။ အဲဒီ ၉၂ ဦးကို ဇူလိုင် ၂၂ ရက်နေ့မှာ တရားရုံးက ထောင်ဒဏ် ၃ နှစ်ခွဲစီ ချမှတ်ခဲ့ပြီး အဲဒီထဲက ၉ ဦးကို လက်နက်မှု၊ မူးယစ်ဆေးဝါးမှုတို့နဲ့ ထပ်မံ တရားစွဲဆိုခဲ့တာ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။