မြန်မာကြက်ခြေနီအသင်းကတစ်ဆင့် ထိုင်းအစိုးရ အကူအညီပေးမှု KNU ဝေဖန်
2024.03.27

ထိုင်းအစိုးရပေးပို့တဲ့ လူသားချင်းစာနာမှု အကူအညီတွေကို မြန်မာကြက်ခြေနီအသင်းကတစ်ဆင့် စစ်ဘေးဒုက္ခသည်တွေဆီ ဖြန့်ဝေတာဟာ ပြည်သူတွေရဲ့ စိတ်ခံစားချက်ကို ဥပက္ခာပြုလိုက်တာပဲလို့ ကရင် အမျိုးသားအစည်းအရုံး (KNU) က ဝေဖန်လိုက်ပါတယ်။
မြန်မာနိုင်ငံရဲ့ လူသားချင်း စာနာထောက်ထားမှု အကူအညီလိုအပ်နေတဲ့ အကျပ်အတည်းဟာ စစ်တပ်က ပြည်သူတွေကို ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထားတိုက်ခိုက်နေတာကြောင့် ဖြစ်ပေါ်လာတာလို့လည်း KNU ရဲ့ ဒီနေ့ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဒါ့အပြင် ဒီအကူအညီတွေအပေါ် စစ်တပ်ဟာ နိုင်ငံရေးအရ အမြတ်ထုတ်ဖို့ နည်းလမ်းရှာကြံခဲ့ပြီး မြန်မာကြက်ခြေနီအသင်းဟာ စစ်ကောင်စီကို ထောက်ပံ့ကူညီနေတဲ့အဖွဲ့ဖြစ်တယ်လို့ ထောက်ပြခဲ့ပါတယ်။
ဒါကြောင့် ပြည်သူတွေကို ပစ်မှတ်ထားတိုက်ခိုက်နေတဲ့ စစ်တပ်အကျိုးအတွက် ဆောင်ရွက်နေတဲ့ မြန်မာကြက်ခြေနီအသင်းကတစ်ဆင့် ဒီအကူအညီတွေ ပေးအပ်တာဟာ ဒုက္ခရောက်နေတဲ့ ပြည်သူတွေရဲ့ စိတ်ခံစားချက်ကို ဥပေက္ခာပြုလိုက်တာပဲလို့ KNU က ဝေဖန်လိုက်တာပါ။
စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီး ပစ်ခတ်မှုနဲ့ မီးရှို့ဖျက်ဆီးမှုတွေကြောင့် ဘားအံခရိုင် နဘူးမြို့နယ်အတွင်း ထွက်ပြေးတိမ်းရှောင်နေရတဲ့ ဒုက္ခသည် နှစ်သောင်းအတွက် လူသားချင်းစာနာမှု အကူအညီတွေကို ထိုင်းကြက်ခြေနီကတစ်ဆင့် မြန်မာကြက်ခြေနီအသင်းဆီ မဲဆောက်-မြဝတီ ချစ်ကြည်ရေးတံတား အမှတ် (၂) မှာ လွှဲပြောင်းပေးခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီထောက်ပံ့ပစ္စည်းတွေကို မတ်လ ၂၆ ရက်နေ့က စစ်ဘေးဒုက္ခသည်တွေဆီ ပေးအပ်နေချိန်မှာ စစ်ကောင်စီရဲ့ လေယာဉ်ပျံသန်းမှုကြောင့် ဒုက္ခသည်တွေ ကြောက်လန့်ထွက်ပြေးခဲ့ရတယ်လို့လည်း ဆိုပါတယ်။
ဒီအခြေအနေတွေနဲ့ပတ်သက်လို့ KNU ရဲ့ ထုတ်ပြန်ချက်အပေါ် စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ဖုန်းနဲ့ ဆက်သွယ်ပေမယ့် ဖုန်းမကိုင်ပါဘူး။
KNU က ထိုင်းအစိုးရရဲ့ အကူအညီကို ကျေးဇူးတင်ကြောင်းနဲ့ မြန်မာနိုင်ငံမှာရင်ဆိုင်နေရတဲ့ လူသားချင်းစာနာမှု အကျပ်အတည်းကိုဖြေရှင်းနိုင်ဖို့ သင့်တော်တဲ့ အကူအညီပေးအပ်မှု အဆိုပြုချက်တွေကို အာဆီယံအဖွဲ့ဝင်နိုင်ငံတွေနဲ့ ထိုင်းအစိုးရထံ KNU ကပေးပို့ထားသလို အဲဒီအဆိုပြုချက်တွေအပေါ် အခြေခံစဉ်းစားဖို့လည်း သက်ဆိုင်ရာအစိုးရတွေကို တိုက်တွန်းထားပါတယ်။
ဒါ့အပြင် ပွင့်လင်းမြင်သာမှု၊ တာဝန်ယူမှု၊ တာဝန်ခံမှု၊ သက်ဆိုင်သူတွေအကြား ဘက်ပေါင်းစုံက သတင်းအချက်အလက်တွေ မျှဝေပြီး ညှိနှိုင်းတိုင်ပင်ပြီးမှသာ ရှေ့ဆက်ကူညီထောက်ပံ့ဖို့လည်း KNU က မေတ္တာရပ်ခံလိုက်ပါတယ်။