ရေပိုင်နက်ထဲရောက်လာတဲ့ ထိုင်း ၂၂ ဦးကို ထိန်းသိမ်းထား

ဉာဏ်စိုးဝင်း၊ မဇာဏီထွဏ်း
2020.12.04

နိုဝင်ဘာ ၈ရက်နေ့က မြန်မာ့ရေပိုင်နက်ထဲကို အဲဒီအပျော်စီးငါးဖမ်းသင်္ဘော ကျော်လွန်ရောက်ရှိလာလို့ လှေနဲ့အတူ ပါလာတဲ့ ထိုင်းနိုင်ငံသား ၂၂ ယောက် နဲ့ မြန်မာနိုင်ငံသား နှစ်ယောက် စုစုပေါင်း ၂၄ ယောက်ကို ရေတပ်က ဖမ်းဆီးပြီး အုပ်ချုပ်ရေးအဖွဲ့ဆီ လွှဲအပ်ခဲ့တယ်လို့ ကမ်းရိုးတန်းဒေသ တိုင်းစစ်ဌာနချုပ် တိုင်းဦးစီးချုပ် ဗိုလ်မှူးချုပ် မြင့်ဇော်မိုးက ပြောပါတယ်။

အပျော်တမ်းငါးဖမ်းတာဖြစ်ပေမယ့် မြန်မာ့ရေပိုင်နက်ထဲ ရောက်လာလို့ လဝက ဥပဒေနဲ့ ငြိစွန်းမယ်လို့ ဗိုလ်မှူးချုပ် မြင့်ဇော်မိုးက ဆိုပါတယ်။

“ကျနော်တို့က ဥပဒေအတိုင်း ငါးလုပ်ငန်းတို့၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနတို့ လှေကိုတော့ ငါးလုပ်ငန်းဦးစီးကို အပ်ထားပြီးတော့ အုပ်ချုပ်မှုလမ်းကြောင်းကနေ တိုင်းဒေသကြီးအစိုးရ၊ အဲဒီကနေပြီးတော့မှ ဆက်ပြီးတော့ တင်ပြထားပါတယ်။ ဥပဒေနဲ့ မလွတ်ကင်းတာက သူတို့က မြန်မာ့ရေပိုင်နက်ထဲမှာ အပျော်တမ်းတော့ ငါးဖမ်းတာပေါ့လေ။ ဒါပေမဲ့ မြန်မာ့ရေပိုင်နက်ဖြစ်နေတဲ့အတွက် လဝကဥပဒေနဲ့တော့ ငြိစွန်းမယ်လို့ ယူဆပါတယ်။”

မြန်မာ့ရေပိုင်နက် အက်ဒမန်ပင်လယ်တွင်းကို ခွင့်ပြုချက်မဲ့ ကျုးကျော်ငါးမျှားနေတဲ့ ထိုင်းအပျော်စီး ငါးမျှားလှေတစ်စီးကို ဖမ်းမိပြီး ကိုဗစ် နိုင်တင်းရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် အသွားအလာ ကန့်သတ်စောင့်ကြည့်ထားတယ်လို့ နိုဝင်ဘာ ၁၅ ရက်ထုတ် နိုင်ငံပိုင်သတင်းစာတွေမှာ ဖော်ပြထားပါတယ်။ အဲဒီလှေပေါ်မှာ လှေလုပ်သားတွေအဖြစ် ထိုင်းနိုင်ငံသား ခြောက်ယောက်၊ မြန်မာနိုင်ငံသား နှစ် ယောက်၊ အပျော်တမ်းငါးမျှားဖို့လိုက်လာသူ တရုတ်နိုင်ငံသား တစ်ယောက်၊ ထိုင်းနိုင်ငံသား ၁၅ ယောက် အားလုံးပေါင်း ၂၄ ယောက်ပါရှိတယ်လို့ ဖော်ပြထားပါတယ်။ ဒါပေမဲ့ ဗိုလ်မှူးချုပ် မြင့်ဇော်မိုးကတော့ သူတို့ အုပ်ချုပ်ရေးအဖွဲ့ လွှဲအပ်ခဲ့တာ ထိုင်းနိုင်ငံသား ၂၂ ယောက် နဲ့ မြန်မာနိုင်ငံသား နှစ်ယောက် ဖြစ်တယ်လို့ ဆိုပါတယ်။

သူတို့တွေကို ကော့သောင်းမြို့ အောင်သုခရပ်ကွက် အမှတ် ၁ အထက်တန်းကျောင်းက အသွားအလာကန့်သတ်စောင့်ကြည့်စင်တာမှာ ထားရှိခဲ့ပြီး ဒီနေ့မှာတော့ ဟိုတယ်မှာ ကန့်သတ်စောင့်ကြည့်ဖို့ ရွှေ့ပြောင်းမယ်လို့ ကော့သောင်းမြို့နယ် ဒုတိယအုပ်ချုပ်ရေးမှူး ဦးဟိန်းစိုးက ပြောပါတယ်။

သူတို့ကို လူဝင်မှုကြီးကြပ်ရေး ဥပဒေနဲ့အရေးယူဖို့ ပြည်ထောင်စုအစိုးရအဖွဲ့ဆီ မှတ်ချက်ပေးတင်ပြထားတယ်လို့ တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး ဦးကျော်မင်းက ပြောပါတယ်။

“လက်ရှိအနေထားကတော့ သူတို့က ကွာရန်တင်း ဝင်ထားတယ်ပေါ့နော်။ ဒီနေ့တော့ ကွာရန်တင်းပြီးပြီထင်ပါတယ်။ သူတို့ကို ပြည်ထောင်စုကို ဘယ်လိုအရေးယူရမလဲဆိုတာကို ဆက်တင်ထားဆဲပဲဖြစ်ပါတယ်။ အဲဒီမှာ အစိုးရအဖွဲ့အနေနဲ့ မှတ်ချက်ပေးထားတာတော့ ရှိပါတယ်။  လဝကရဲ့ လုပ်ထုံးလုပ်နည်း ဥပဒေအရ အကျုံးဝင်နေတော့ လဝကဥပဒေအတိုင်း ဆက်အရေးယူသွားဖို့ တိုင်းဒေသကြီးက မှတ်ချက်ပေးထားပါတယ်။ ”

သင်္ဘောအင်ဂျင်ချွတ်ယွင်းပြီး ပင်လယ်ထဲမျောနေတဲ့အချိန်မှာ ရေတပ်က အထောက်အထားစစ်ဆေးမယ်ဆိုပြီး တားဆီးခဲ့တဲ့အကြောင်း၊ စစ်ဆေးတဲ့အခါမှာလည်း ဥပဒေနဲ့မလွတ်ကင်းတဲ့ ပစ္စည်းတွေမပါဘဲ ငါးဖမ်းပစ္စည်းတွေသာပါခဲ့တယ်လို့ အထိန်းသိမ်းခံထားရတဲ့ ထိုင်းနိုင်ငံသားတစ်ယောက်က Benar News ကို ဖြေထားတာတွေ့ရပါတယ်။

စောင့်ကြည့်စင်တာမှာ နေထိုင်စဉ်ကာလက စားပွဲခုံပေါ်အိပ်ရတဲ့အတွက် နေထိုင်ရေးနဲ့ အစားအသောက်တွေ အဆင်မပြေဘဲ အိမ်သာတွေကလည်း လူကြီးတွေအတွက် မသင့်တော်တာကြောင့် ဟိုတယ်မှာ စောင့်ကြည့်ခံဖို့ တောင်းဆိုခဲ့တယ်လို့လည်း ပြောထားပါတယ်။

ဒါနဲ့ပတ်သက်လို့တော့ ကော့သောင်းမြို့နယ် ဒုတိယအုပ်ချုပ်ရေးမှူး ဦးသူဟိန်းစိုးက အခုလိုပြောပါတယ်။

“ အမှန်တိုင်းပြောရရင် သူတို့က ကျနော်တို့နိုင်ငံရဲ့ တရားခံတွေ ဖြစ်တာပေါ့နော်။ တရားခံတွေဖြစ်တဲ့အတွက် သူတို့ကို ရဲစခန်းအချုပ်မှာ ထားရမှာပေါ့။ သို့သော် ကိုဗစ်ကာလဖြစ်လို့ ကွာရန်တင်းထားပေးတယ်ပေါ့။ ထားတဲ့နေရာမှာ နိုင်ငံတော်က သတ်မှတ်ထားတဲ့အတိုင်းတစ်နေ့ကို ၂၈၀၀ နှုန်းနဲ့ကျွေးမွေးပေးတာပေါ့။ ဒါပေမဲ့ သူတို့ အေဂျင့်တွေကနေတဆင့် စားစရာတွေလာပို့ရင်လည်း ကျနော်တို့ သူတို့ကိုပို့ပေးပါတယ်။”

ဖမ်းဆီးခံရတဲ့ ထိုင်းနိုင်ငံသားတွေနဲ့ ပတ်သက်ပြီး ဘယ်လိုအကူအညီတွေ ပေးနေလဲ၊ ဘယ်လိုဆက်လက်ဆောင်ရွက်မလဲဆိုတာကို သိရဖို့အတွက် မြန်မာနိုင်ငံက ထိုင်းသံရုံးကို RFA က ဆက်သွယ်ပေမယ့် မရခဲ့ပါဘူး။

လူဝင်မှုကြီးကြပ်ရေးဥပဒေနဲ့ အရေးယူဖို့ တိုင်းအစိုးရ တင်ပြချက်တွေနဲ့ပတ်သက်လို့ ဘယ်လိုဆက်လက် လုပ်ဆောင်မလဲဆိုတာ သိရဖို့ နေပြည်တော်က အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာန၊ နိုင်ငံခြားရေးဝန်ကြီးဌာနတို့က ပြောရေးဆိုခွင့်ရှိသူတွေအပြင် သမ္မတရုံး ပြောခွင့်ရှိသူ ဦးဇော်ဌေး နဲ့ တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့ ဥက္ကဋ္ဌ ဗိုလ်ချုပ်ဇော်မင်းထွန်းတို့ကို မေးမြန်းထားပေမယ့်လည်း ပြန်မဖြေပါဘူး။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။