ထိုင်းနိုင်ငံ လိပ်ကျွန်းလူသတ်မှုနဲ့ ပတ်သက်ပြီး သေဒဏ်ချမှတ်ခံထားရတဲ့ မြန်မာနိုင်ငံသား ဝင်းဇော်ထွန်း နဲ့ ဇော်လင်းတို့ရဲ့ အယူခံကို ထိုင်းတရားရုံးကပယ်ချလိုက်ကြောင်း သူတို့အကျိုးဆောင်ရှေ့နေတွေက ဗုဒ္ဓဟူးနေ့က မှ သိရှိရတယ်လို့ ပြောပါတယ်။ အယူခံကို ပြီးခဲ့တဲ့ ဖေဖေါ်ဝါရီလ ၂၃ ရက်နေ့က ပယ်ချတာဖြစ်ပေမယ့် ထိုင်းအစိုးရ က လူသိရှင်ကြားထုတ်ပြန်ခဲ့ခြင်း မရှိပါဘူး။ မြန်မာ ၂ ဦးရဲ့ ရှေ့နေ Nakhon Chomphuchat နခွန် ချုံပူချတ် က သူ့အမှုသည်တွေနဲ့ သူအခုထိတွေ့ခွင့်မရသေးကြောင်း ပြောဆိုတဲ့အတွက် မြန်မာ ၂ ဦးကို အယူခံပယ်ချကြောင်း အမိန့်ချမှတ်ချိန်က တရားရုံးမှာ သူတို့ရဲ့ ရှေ့နေရှိမနေခဲ့ဘူးလို့ အေဖက်ပီသတင်းက ထောက်ပြထားပါတယ်။
ဒီအမှုနဲ့ ပတ်သက်ပြီး ဖွဲ့စည်းထားတဲ့ စုံစမ်းရေးအဖွဲ့ဝင် ဦးထူးချစ်ကလည်း အခုလို အယူခံပယ်ချတာကို ထိုင်းအာဏာပိုင်တွေဟာ မြန်မာ ၂ ဦးဖက်က လိုက်ပါကူညီနေတဲ့ထိုင်းရှေ့နေများကောင်စီကိုသာမက မြန်မာသံရုံး ကိုလည်း အကြောင်းကြားခဲ့ခြင်း မရှိဘူးလို့ သူ ထင်မြင်ယူဆကြောင်းRFA ကိုပြောပါတယ်။
"ဒီအမှုကို လိုက်ပါကူညီနေတဲ့ ထိုင်းရှေ့နေများ ကောင်စီ။ အဲဒီကိုလည်း တရားဝင် အကြောင်းကြားမှု မရှိဘူးလို့ ကျနော်တို့ သိရတယ်ဗျ။ နောက်တခုက ကျနော်တို့ မြန်မာသံရုံးလည်း ကျနော်ထင်တယ် သိပုံမရဘူး။ ဒါပေမဲ့ အခု ကျနော်တို့ မြန်မာသံရုံးနဲ့တော့ အဆက်အသွယ်မရသေးဘူးပေါ့လေ။ ဆိုတော့ ကျနော်ထင်တယ် သူတို့ဘာသာ သူတို့ပဲ အဲဒီလို ဆုံးဖြတ်ပြီးတော့မှ ထိုင်းသတင်းမီဒီယာ ကနေပြီးတော့ ဖြန့်လိုက်တဲ့ သဘောမျိုး ဖြစ်နေတယ်ဗျ။"
ထိုင်းနိုင်ငံ ခိုတောင်ကျွန်းခေါ် လိပ်ကျွန်းမှာ အလုပ်လုပ်ကိုင်နေတဲ့ မြန်မာအလုပ်သမား ကိုဝင်းဇော်ထွန်းနဲ့ ကိုဇော်လင်းတို့ကို ဗြိတိန်နိုင်ငံသားစုံတွဲတတွဲကို သတ်ဖြတ်ခဲ့ကြောင်း ထင်ရှားတယ်ဆိုပြီး ထိုင်းနိုင်ငံ ကော့စမွီ တရားရုံးက ပြီးခဲ့တဲ့ ၂၀၁၅ ခုနှစ်မှာ သေဒဏ်ချမှတ်ခဲ့တာဖြစ်ပါတယ်။
မြန်မာအလုပ်သမား ၂ဦး အနေနဲ့ နောက်ဆုံးအဆင့်အဖြစ် ထိုင်း နိုင်ငံတော် တရားရုံးချုပ်ကို ရက် ၃ဝ အတွင်း အယူခံတင်ခွင့်ရှိပါတယ်။ ထိုင်းနိုင်ငံမှာသေဒဏ်ချမှတ်ခံရသူတွေကို လက်တွေ့ကွပ်မျက်မှု မရှိသလောက်ဖြစ် ပြီး နှစ်ရှည်ထောင်ဒဏ်ကျခံရလေ့ ရှိပါတယ်။
ထိုင်းမှာ သေဒဏ်ပေးခံရ မြန်မာ ၂ ဦး အယူခံ တရားရုံးပယ်ချ
