ထိုင်းဆောက်လုပ်ရေးလုပ်ငန်းမှာ သေဆုံးသူမြန်မာတွေကို ဘတ် ၁၆ သိန်းစီ နစ်နာကြေးပေး

RFA Burmese
2024.03.30
ထိုင်းဆောက်လုပ်ရေးလုပ်ငန်းမှာ သေဆုံးသူမြန်မာတွေကို ဘတ် ၁၆ သိန်းစီ နစ်နာကြေးပေး ထိုင်းနိုင်ငံ၊ ချွန်ဘူရီခရိုင်၊ လယောင်မြို့နယ်ရှိ သံမဏိစက်ရုံ ဆောက်လုပ်ရေးလုပ်ငန်းခွင်တွင် ၂၀၂၄ ခုနှစ်၊ မတ်လ ၂၉ ရက်နေ့က ဝန်ချီစက်ပြိုကျမှုအား တွေ့ရစဉ်။
MHAC

ထိုင်းနိုင်ငံ ချွန်ဘူရီခရိုင် လယောင်းမြို့နယ်ရှိ သံမဏိစက်ရုံ ဆောက်လုပ်ရေးလုပ်ငန်းခွင်မှာ ဝန်ချီစက်ပြိုကျမှုကြောင့် သေဆုံးခဲ့တဲ့ မြန်မာအလုပ်သမားခြောက်ဦးအတွက် တစ်ဦးကို နစ်နာကြေး ဘတ် ၁၆ သိန်းပေးဖို့ သဘောတူခဲ့တယ်လို့ ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားအရေး ဆောင်ရွက်သူတွေက ပြောပါတယ်။

နစ်နာကြေးတွေကို နှစ်ပတ်အတွင်းပေးဖို့ သဘောတူထားတယ်လို့ ထိုင်းနိုင်ငံအခြေစိုက် မြန်မာအလုပ်သမားများကူညီပေးရေးအဖွဲ့ Myanmar Humanitarian Action Centre (MHAC) မဟာမိတ်အဖွဲ့တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

"လျော်ကြေးကတော့ သူဌေးနဲ့ညှိနှိုင်းတဲ့အတိုင်းပဲ ၁၆ သိန်းပေါ့၊ ၁၆ သိန်းမှာ မနေ့ညကတော့ ငါးသိန်းလက်ခံပြီးတော့ ကျန်တဲ့ ၁၁ သိန်းကိုတော့ နှစ်ပတ်အတွင်းမှာ လျော်ပေးမယ်လို့တော့ ပြောထားတယ်၊ စာချုပ်ထဲမှာတော့ ထိုင်းနိုင်ငံရဲ့ အစိုးရပိုင်းဆိုင်ရာ ဌာနဆိုင်ရာတွေ လက်မှတ်ထိုးထားပေးတယ်၊ အသိသက်သေအနေနဲ့"

ဒီစက်ရုံမှာရှိတဲ့ အလုပ်သမားတွေဟာ ပတ်စ်ပို့စာအုပ်ဖိုးတွေပေးရပေမဲ့ သူဌေးကသိမ်းထားတာ၊ နေစားခအပြည့်မရတာ စတဲ့ အလုပ်သမားအခွင့်အရေးချိုးဖောက်ခံရတာတွေရှိပြီး ဒီနေ့မှာတော့ ထိုင်းအာဏာပိုင်တွေက ဝင်ရောက်စစ်ဆေးပြီး ညှိနှိုင်းပေးတာကြောင့် နှစ်ပတ်အတွင်း ပတ်စ်ပို့စာအုပ်ပြန်ပေးတာအပါအဝင် ချိုးဖောက်ခံရတာတွေ ပြန်လည်ရရှိအောင် ဆောင်ရွက်ပေးဖို့ သူဌေးဘက်က သဘောတူလိုက်တယ်လို့လည်း ဆိုပါတယ်။

မတ်လ ၂၉ ရက်နေ့က သံမဏိစက်ရုံ ဆောက်လုပ်ရေးလုပ်ငန်းခွင်မှာ ဝန်ချီစက်ပြိုကျတာကြောင့် မြန်မာနိုင်ငံသား ငါးဦးအပါအဝင် ခြောက်ဦးသေဆုံးခဲ့ပြီး နောက်ထပ်တစ်ဦးဟာ ဆေးရုံမှာ ထပ်မံသေဆုံးခဲ့တာကြောင့် သေဆုံးသူအရေအတွက်ဟာ မြန်မာခြောက်ဦးနဲ့ တရုတ်တစ်ဦးအပါအဝင် ခုနစ်ဦးအထိ ရှိလာတယ်လို့လည်း အကူအညီပေးသူတွေက ပြောပါတယ်။

ဒီစက်ရုံမှာ မြန်မာနိုင်ငံသား အလုပ်သမားနှစ်ထောင်ကျော်အပါအဝင် အလုပ်သမားသုံးထောင်ကျော် အလုပ်လုပ်ကိုင်နေတယ်လို့လည်း ဆိုပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။