ထိုင်းနယ်စပ်က ဒုက္ခသည် ၉၃ ယောက် ပြည်တော်ပြန်


2018.05.08
thai-border-refugees-622.jpg ထိုင်း-မြန်မာနယ်စပ် ဒုက္ခသည်စခန်းကနေ ပြည်တော်ပြန်မယ့်သူတွေကို ၂၀၁၈ ခုနှစ်၊ မေလ ၇ ရက်နေ့က မြဝတီမြို့မှာ တွေ့ရစဉ်
ဓါတ်ပုံ - ကရင်အမျိုးသားမီဒီယာ

ထိုင်းနိုင်ငံမှာ ဒုက္ခသည်အဖြစ်နဲ့ နှစ်ပေါင်းများစွာ ခိုလှုံနေရတဲ့ မြန်မာနိုင်ငံသား ၉၃ ယောက်ကို မူလ ဇာတိ ပြန်နိုင်အောင် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးက ထိုင်း-မြန်မာ နှစ်နိုင်ငံ အစိုးရနဲ့ ပူးပေါင်းပြီး ကူညီပေးလိုက်တယ်လို့ UNHCR ရုံးက ဒီနေ့ထုတ်ပြန်ကြေညာပါတယ်။

ထိုင်း-မြန်မာနယ်စပ် ဒုက္ခသည်စခန်း ၅ ခုမှာနေထိုင်ခဲ့တဲ့ သူတို့ကို မနေ့က ၂ သုတ်ခွဲပြီး ပြန်ပို့တာလို့ ဆိုပါတယ်။ ဒီဘက်မှာတော့ မြန်မာအစိုးရက ကရင်ပြည်နယ်နဲ့ ကယားပြည်နယ် ၂ နေရာမှာလက်ခံလိုက်ပြီး၊ မူလနေရာတွေ ကို ပြန်ဖို့ စီစဉ်ပေးမယ်လို့သိရပါတယ်။ အဲဒီထဲကတချို့လူတွေက ပဲခူးတိုင်း၊ စစ်ကိုင်းတိုင်းနဲ့ ရန်ကုန်တိုင်းထဲ က ဖြစ်တယ်လို့ဆိုပါတယ်။

ထိုင်း-မြန်မာနယ်စပ်က စခန်းတွေမှာ နှစ်ပေါင်းများစွာ နေနေရတဲ့ ဒုက္ခသည်တွေထဲမှာ တချို့က သူတို့အနာဂတ် အတွက် မူလဇာတိမြေကို ပြန်ချင်နေကြပြီး၊ UNHCR က အဲဒါကို အကောင်အထည်ဖေါ်ပေးနေတယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ ရခိုင်ပြည်နယ်က ထွက်ပြေးသွားတဲ့သူတွေအတွက်တော့ UNHCR က မကူညီနိုင်သေးဘူးလို့ လည်း ကြေညာချက်မှာရေးထားပါတယ်။

အခုလို ဆန္ဒအလျှောက်ပြန်ချင်နေတဲ့သူတွေကို UNHCR က ကူညီပေးနေတဲ့အခါမှာ၊ ပထမအကြိမ်က ၂၀၁၆ ခုနှစ်မှာဖြစ်ပြီး၊ အဲဒီတုန်းက ၇၁ ယောက်ပြန်သွားကြပါတယ်။ သူတို့ မြန်မာပြည်မှာ ဘယ်လို ဘဝခရီး ဆက်နေရလဲဆိုတာ စောင့်ကြည့်ထားတယ်လို့လည်း ပြောပါတယ်။ အခုကတော့ ဒုတိယအသုတ် ပြန် တာဖြစ်ပါတယ်။

ထိုင်းနိုင်ငံ မဲဟောင်ဆောင် ဒုက္ခသည်စခန်းမှာ အရင်က လူဦးရေ ၂ သောင်းလောက်ရှိခဲ့ပြီး၊ အခုတော့ ၈ ထောင်လောက်ပဲ ကျန်တော့တယ်လို့ သိရပါတယ်။ ထိုင်းတစ်နိုင်ငံလုံးမှာဆိုရင် ကုလသမဂ္ဂ အသိ အမှတ်ပြုလက်မှတ်ရှိတဲ့ မြန်မာနိုင်ငံသားဒုက္ခသည် ၇ သောင်းကျော်နဲ့ လက်မှတ်မရှိတဲ့သူ ၅ သောင်း ကျော်၊ စုစုပေါင်း သိန်းကျော်လောက် ရှိနေသေးတယ်လို့ နိုင်ငံတကာကူညီရေးအဖွဲ့တွေရဲ့ စာရင်းအရ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။