နိုင်ငံခြားငွေလဲလုပ်ငန်း ဆယ်ခု အရေးယူခံရ

RFA Burmese
2024.03.28
နိုင်ငံခြားငွေလဲလုပ်ငန်း ဆယ်ခု အရေးယူခံရ ရန်ကုန်မြို့လယ်ရှိ ငွေလဲစင်တာတစ်ခုအား ၂၀၂၂ ခုနှစ်၊ မတ်လ ၁၀ ရက်နေ့က တွေ့ရစဉ်။
Photo: RFA

မြန်မာနိုင်ငံမှာ နိုင်ငံခြားငွေ လဲလှယ်ရောင်းချတဲ့ လုပ်ငန်းခြောက်ခုကို လိုင်စင်ပိတ်သိမ်းပြီး နောက်ထပ်လုပ်ငန်းလေးခုကို ခြောက်လ လုပ်ငန်းလုပ်ကိုင်ခွင့် ရပ်ဆိုင်းလိုက်တယ်လို့ စစ်ကောင်စီလက်အောက်ခံ ဗဟိုဘဏ်က မတ်လ ၂၆ ရက်နေ့က ကြေညာပါတယ်။

မတ်လ ၁၁ ရက်နေ့မှာ နိုင်ငံခြားငွေ လဲလုပ်ငန်းတွေကို ဗဟိုဘဏ်က ရှောင်တခင်ဝင်ရောက်စစ်ဆေးတာတွေ လုပ်ခဲ့ပြီးနောက် အခုလို အရေးယူခံလိုက်ရတာပါ။

ဗဟိုဘဏ်က ထုတ်ပြန်ထားတဲ့ စည်းမျဉ်း၊ စည်ကမ်း၊ ညွှန်ကြားချက်တွေကို မလိုက်နာတာကြောင့် အခုလို အရေးယူလိုက်တာလို့လည်း ဆိုပါတယ်။

လိုင်စင်ပိတ်သိမ်းခံရတဲ့ လုပ်ငန်းကုမ္ပဏီတွေအထဲ Best Yuan၊ Currency Hub၊ Globextra၊ My Gold Myanmar၊ Sym Chem နဲ့ Win Yadana Gems & Jewellery စတဲ့ ကုမ္ပဏီတွေ ပါဝင်ပါတယ်။

ခြောက်လ လုပ်ငန်းရပ်ဆိုင်းခံရတဲ့ ကုမ္ပဏီတွေအထဲ Farmer Phoyarzar Auto Mobile Services၊ PAAMAA၊ Source Strategy Consultant & Development နဲ့ Wu Fu ကုမ္ပဏီတွေ ပါဝင်ပါတယ်။

ဒီကိစ္စနဲ့ပတ်သက်လို့ လိုင်စင်ပိတ်သိမ်းခံရတဲ့ ကုမ္ပဏီအချို့ကို RFA က ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေကြားခြင်း မရှိကြပါဘူး။

ပြီးခဲ့တဲ့ မတ်လ ၂၁ ရက်နေ့ကလည်း နိုင်ငံခြားငွေလဲ လိုင်စင်ရ ကုမ္ပဏီ ၁၅ ခုကို စစ်ကောင်စီရဲ့ ဗဟိုဘဏ်က လိုင်စင်ပိတ်သိမ်းတာနဲ့ လုပ်ငန်းရပ်ဆိုင်းတာတွေ လုပ်ခဲ့ပါတယ်။

စစ်ကောင်စီ လက်အောက်ခံ ဗဟိုဘဏ်ကတော့ နိုင်ငံခြားငွေလဲလှယ်နှုန်း တည်ငြိမ်မှုရှိစေဖို့နဲ့ ဈေးကစားတာတွေ မဖြစ်စေဖို့ ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်ပေါ်မှာ ငွေလဲနှုန်းတွေ ဖော်ပြနေတဲ့ စာမျက်နှာ ၁၅ ခုကို အရေးယူသွားမယ်လို့ မတ်လ ၁၅ ရက်နေ့က ထုတ်ပြန်ခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။