သုံးရက်အတွင်း နေ့အပူချိန် ဆက်လက်မြင့်တက်နိုင်


2017.05.02
temperature.jpg မေလ ၂ ရက်နေ့အတွက် အပူချိန် ခန့်မှန်းချက်ကို တွေ့ရစဉ်
ဓါတ်ပုံ - မိုးဇလ

မြန်မာနိုင်ငံ အလယ်ပိုင်းဒေသတွေမှာ နောက်သုံးရက်အတွင်း နေ့အပူချိန်တွေ ဆက်ပြီး မြင့်တက်လာနိုင်တယ်လို့ မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနက ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်မိုးဦး ကပြောပါတယ်။

တိုင်းဒေသကြီး ၅ ခုမှာ နေ့အပူချိန် မြင့်တက်လာနိုင်ပြီး အပူချိန် ၄၆ ဒီဂရီစင်တီဂရိတ်ဝန်းကျင်အထိ ရောက်နိုင် တယ်လို့ ခန့်မှန်းထားကြောင်း ဦးကျော်မိုးဦး ကပြောပါတယ်။

"ဟိုရက်ပိုင်းတွေကတော့ မိုးရွာတော့ နေ့အပူချိန်က ကျသွားတယ်၊ မိုးပြတ်သွားတာနဲ့ မြန်မာနိုင်ငံ အလယ် ပိုင်းဒေသတွေ နေ့အပူချိန်တွေ ပြန်တက်လာမယ့် အနေအထားတွေ အခုလက်ရှိလည်း တချို့မြို့တွေမှာ ၄၂ ၊ တချို့မြို့တွေကလည်း ၄၀ ထိရောက်နေတဲ့ အနေအထားတွေရှိပါတယ်၊ ပြီးခဲ့တဲ့ ၂၀၁၆ကဆိုရင် မကွေး တိုင်းဒေသကြီးမှာ ၄၆.၅ ပေါ့၊ အဲလိုမျိုးစံချိန်တင် မြင့်ခဲ့တာတွေရှိပါတယ်၊ အပူချိန်က နောက်တစ်ရက် သုံး ရက်လောက်ထိ ဆက်တက်ဦးမယ့် အနေအထားရှိတယ်၊ မနှစ် ကလောက်မရောက်ပေမယ့် အဲဒီနီးပါးတော့ရောက်သွားမယ့် အနေအထားရှိတယ်"

မကွေး၊ မန္တလေး၊ ပဲခူး၊ ရန်ကုန်နဲ့ ဧရာဝတီတိုင်းဒေသကြီးတွေ မှာ နေ့အပူချိန်တွေ မြင့်တက်နိုင်တာဖြစ် တယ်လို့ပြောပါတယ်။

ဒီနေ့မှာတော့ အပူချိန်အမြင့်ဆုံးဒေသတွေအဖြစ် မြန်မာနိုင်ငံ အလယ်ပိုင်း ချောက်မြို့မှာ (၄၄)ဒီဂရီစင်တီဂရိတ်၊ ဂန့်ဂေါမြို့မှာ (၄၂)ဒီဂရီစင်တီဂရိတ်နဲ့ မုံရွာမြို့မှာ (၄၁)ဒီဂရီစင်တီ ဂရိတ်တို့ဖြစ်ပြီး နေပြည်တော်မှာ (၄၀)ဒီဂရီ စင်တီ ဂရိတ်၊ ရန်ကုန်မြို့မှာ (၃၇)ဒီဂရီစင်တီဂရိတ်နဲ့ မန္တလေးမြို့မှာ (၃၉)ဒီဂရီစင်တီဂရိတ် တို့ရှိတယ်လို့ မိုးလေ ဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။