ဆက်သွယ်ရေးဥပဒေ ပြင်ဆင်ရေး လှုပ်ရှားမှု တားမြစ်ခံရ
2016.11.04

နေပြည်တော် ဇမ္ဗူသီရိမြို့နယ်တရားရုံးမှာ ဒီနေ့ ပြုလုပ်မယ့် ဆက်သွယ်ရေးဥပဒေ ပြင်ဆင်ရေးလှုပ်ရှားမှုကို မြို့နယ်ရဲတပ်ဖွဲ့က တားဆီးခဲ့ပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီရဲ့ တံဆိပ်တုံးအတုနဲ့ ဦးဝင်းထိန်ကို ပါတီကနေ အနားပေးကြောင်း ကြေ ညာချက်ကို ဖေ့စ်ဘွတ်မှာ တင်ခဲ့တာကြောင့် ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆ (ဃ) နဲ့ တရားစွဲဆိုခံထားရတဲ့ မုံရွာမြို့က NLD ပါတီဝင် ဦးဖိုးထောင် ကို ဒီနေ့ ဇမ္ဗူသီရိမြို့နယ်တရားရုံးမှာ ရုံးထုတ်တာဖြစ်ပါတယ်။
ဦးဖိုးထောင်ရဲ့ ရုံးချိန်းမှာ အဲဒီဥပဒေပြင်ဆင်ပေးဖို့ လှုပ်ရှားမှု ပြုလုပ်ဖို့စီစဉ်ထားပေမယ့်လည်း သက်ဆိုင်ရာ အာဏာပိုင်တွေက ခွင့်မပြုတာကြောင့် ဦးဖိုးထောင် ကို တွေ့ဆုံပြီး ပြန်လာခဲ့ရတယ်လို့ မောင်ဆောင်းခ က ပြောပါတယ်။
ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ (ဃ) ပြင်ဆင်ရေးကို လူစုလူဝေးနဲ့ လုပ်မယ်ဆိုရင် ငြိမ်းစုစီဥပဒေအရ ၄၈ နာရီ ကြိုတင်အသိပေးတောင်းခံဖို့ လိုအပ်ကြောင်း ဇမ္ဗူသီရိမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးဆန်းအောင်က ပြောပြီး တားမြစ်ခဲ့တာဖြစ်ပါတယ်။
ကဗျာဆရာ မောင်ဆောင်းခ ဦးဆောင်ပြီး ဆက်သွယ်ရေးဥပဒေ ပြင်ဆင်ရေးအတွက် ဇမ္ဗူသီရိမြို့နယ် တရားရုံးရှေ့မှာ လက်ကမ်းစာစောင်တွေ ဖြန့်ဝေဖို့ စီစဉ်ထားတာဖြစ်ပါတယ်။