အသက်မပြည့်သူကို ကလေးစစ်သားအဖြစ် ရောင်းစား

ပဲခူးတိုင်း တောင်ငူမြို့က အသက် ၁၄ နှစ်အရွယ် လူငယ်တဦးကို တောင်ငူမြို့၊ အမြောက်တပ်ရင်း ၁၀၁၅ က အရာခံဗိုလ် တဦးက လိမ်လည် ခေါ်ဆောင်ပြီး၊ ကျောက်ဆည်အခြေစိုက် လေကြောင်းရန် ကာကွယ်ရေး အလုပ်ရုံတပ်ရင်း လလရ (၇) ကို ရောင်းစားပြီး ကလေးစစ်သားအဖြစ် အတင်းအဓမ္မ စုဆောင်းခဲ့တယ်လို့ သိရပါတယ်။

2010.09.20
army_post_305_z.jpg ရှေ့တန်း စစ်စခန်းတစ်ခုတွင် အစိုးရတပ်ဖွဲ့က စစ်သားများ ကို တွေ့ရစဉ်
Photo: AFP
တောင်ငူမြို့ မင်းကြီးညို ရပ်ကွက်က ဒေါ်ခင်ဆွေဦးရဲ့ တဦးတည်းသောသား မောင်မင်းဆွေဦးကို အသက် ၁၄ နှစ် မပြည့်ခင် ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁ ရက်နေ့က တောင်ငူအခြေစိုက် အမြောက်တပ် ၁၀၁၅ က အရာခံဗိုလ် မျိုးသန့်နဲ့ စစ်သားတဦးက လိမ်လည်ခေါ်ဆောင်ပြီး၊ ကျောက်ဆည် လလရ (၇) ကို ပို့ဆောင်ပြီး ရောင်းစားခဲ့တာလို့ မိခင်ဖြစ်သူက ပြောပြပါတယ်။

မိခင်ဖြစ်သူ ဒေါ်ခင်ဆွေဦးရဲ့ တောင်းပန်မှုနဲ့ ကျောင်းထွက်လက်မှတ် အတု ပေးနိုင်တာကြောင့် လလရ (၇) တပ်ရင်းမှူးက ရှောင်တခင် ခွင့် ၁၀ ရက်နဲ့ ပြန်ခေါ်ခွင့် ပြုခဲ့တယ်လို့ မိခင်ဖြစ်သူ ဒေါ်ခင်ဆွေဦးက ပြောပါတယ်။

“အဲဒါ ညီမတို့ကိုလေ ဘယ်လိုပြောတုန်း သိလား။ အဲဒါ မွေးစာရင်း ပြတဲ့၊ အကုန်ပေါ့နော်၊ ကျောင်းထောက်ခံစာတွေရော၊ ဘာရောလေ။ အသက်က မပြည့်ဘူး ၁၄ နှစ်ဆိုတော့လေ။ ဒီကလေး ရဖို့အရေးကိုလေ၊ ကျောင်းထွက်လက်မှတ် ယူခဲ့ပါတဲ့။ ညီမတို့က မသိဘူးပေါ့၊ ဆရာမကြီးတွေပြောတာ ကျောင်းထွက်လက်မှတ် ဆိုပြီးတော့ နားလည်မှုနဲ့ ယူသွားတာ။ ယူသွားလိုက်တယ်၊ မူရင်းကို သူက ယူထားတယ်။ ဒီဟာပေးမှ ကလေးကို ခွင့်ပေးပါ့မယ်ဆို ညီမတို့မှာ မူရင်းကို ပေးလိုက်ရတယ်။ ပေးထားခဲ့ရတယ်၊ ကလေးက ကျောင်းပြန်တက်ရမယ်။”

“ညီမက ပြန်မပို့ဘူး၊ ကလေးကလည်း မသွားချင်ဘူး။ ရောင်းစားခံရတာ သိနေတော့ ကလေးက တအားကြောက်နေတာ အဲဒီကို သွားရမှာ တအားကြောက်နေတာ၊ သွားလည်း မသွားဘူး၊ ကျောင်းလည်း ပြန်နေမှာပဲ ပြောတယ်၊ ခဏခဏ။ ညီမတို့ကလည်း ဒီကလေး သားလေးတယောက်တည်း ဆိုတော့ စိတ်ဆင်းရဲနေရတာ၊ သူ့ကြည့်ပြီး စိတ်မချမ်းသာတာ။”

မောင်မင်းဆွေဦးဟာ ကျောက်ဆည်ကနေ မန္တလေး စစ်သားစုဆောင်းရေးမှာ ဆေးစစ်ခံခဲ့ရပါတယ်။ သူ့မှာ နှလုံးရောဂါ ရှိပြီး စစ်တပ်ထဲ မဝင်ချင်ဘူးလို့ ငြင်းဆန်ပေမဲ့ တာဝန်ကျတဲ့ ဆရာဝန်ဗိုလ်မှူးက လက်မခံပဲ ကျောက်ဆည် လလရ (၇) ကို ပြန်လွဲှပေးခဲ့ပါတယ်။ နောက်ဆုံး ပင်လောင်းလေ့ကျင့်ရေးတပ် အမှတ် (၄) မှာ ၄ လ စစ်သင်တန်း တက်ခဲ့ရတယ်လို့ ဆိုပါတယ်။

အခုတော့ မောင်မင်းဆွေဦးနဲ့ မိခင်တို့ဟာ လမ်းပြကြယ်အဖွဲ့က ရှေ့နေ ဦးအေးမြင့် အကူအညီနဲ့ မနက်ဖြန် အိုင်အယ်အို ရုံးမှာ သွားရောက် တိုင်ကြားမယ်လို့ ဦးအေးမြင့်က ပြောပါတယ်။

“ဒီလို တပ်က ခွင့်နဲ့ ပြန်လာတာ၊ တပ်က ပြန်ထွက်ပြေးလာတဲ့ ကလေးဆိုရင် စစ်ပြေးအဖြစ် တပ်က လုပ်တယ်လေ။ လာပြန်ဖမ်းကြတယ်။ အဲလို လာဖမ်းတာကို မခံရအောင် ဘယ်လို လုပ်ရလဲဆိုတော့ ILO ရုံးကို တိုင်ရတယ်။ တိုင်ပြီးလို့ရှိရင် ဒီကလေးကို မိဘ လက်ဝယ်မှာ ရောက်နေတယ်ဆိုတဲ့ အကြောင်းကို မိဘနဲ့ ကလေးကို ခေါ်သွားရတယ်။ ခေါ်သွားပြီးတဲ့အခါကျရင် ILO ရုံးက အသက် အထောက်အထားတွေ စစ်လို့ ကလေးစစ်သား ဖြစ်ကြောင်း သေချာတယ်၊ ဥပဒေထဲ ဝင်တယ်ဆိုရင် ကလေးနဲ့ ပတ်သက်တဲ့ စုံစမ်း စစ်ဆေးနေတဲ့ ကာလ ချုပ်နှောင်ခြင်း၊ အရေးယူခြင်း မပြုလုပ်ရဆိုတဲ့ သတိပေး တားမြစ်ချက်ရယ်၊ အထောက်အထား ILO ကို တိုင်ကြားထားတယ်ဆိုတဲ့ အထောက်အထား ILO ရုံးက ထုတ်ပေးတယ်။”

လျှောင်တခင် ခွင့် ၁၀ ရက်ပေးထားတာဟာ မနက်ဖြန်မှာဆိုရင် ခွင့်ရက်စေ့ပေမဲ့ မောင်မင်းဆွေဦးကို တပ်ကို ပြန်မပို့ပဲ ကျောင်းဆက်ထားမယ်လို့ မိခင်ဖြစ်သူ ဒေါ်ခင်ဆွေဦးက ပြောပါတယ်။

ဒီအကြောင်းတွေနဲ့ ပတ်သက်ပြီး ကိုယ်တိုင် ကြုံတွေ့ခဲ့ရတဲ့ ကလေးစစ်သား မောင်မင်းဆွေဦးကို RFA ဝိုင်းတော်သား ဦးဝင်းနိုင်က ဆက်သွယ် မေးမြန်းတင်ပြထားပါတယ်။

ဆက်သွယ်မေးမြန်းချက်။
အသံဖိုင်ယူရန်
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။